ရေဖြူမြို့အနောက်ဘက်ကမ်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ အပြင်းထန်ဖြစ်ပွားနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ထားဝယ်မြစ်အနောက်ကမ်းတွင်ရှိသော ရေဖြူမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီ ခွဲ အချိန်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“လက်နက်ကြီးတွေ တရစပ်ပစ်နေကြတယ်။ ကျောင်းလည်းဖွင့်နေတော့ ကျောင်းသားတွေပဲ စိတ်ပူနေရတယ်။ ဖုန်းတွေလည်း ဆက်မရကြဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
တိုက်ပွဲအတွင်း ရေဖြူမြို့နယ် အနီးရှိ အမှတ် ၄၀၆၊၄၀၇ စစ်အာဏာရှင်တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မြို့ခံများထံမှသိရသည်။
နှစ်ဘက်ပစ်ခတ်မှုများအတွင်း ရေဖြူမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြိုမရဲစခန်း မီးလောင်နေကြောင်း ဒေသခံများထံမှသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
“အခုတိုက်ပွဲဖြစ်နေတဲ့နေရာမှာ ထွေအုပ်ရုံးရှိတယ်၊ ရဲစခန်းရှိတယ်။ အဲဒီနေရာကနေ မီးခိုတွေထွက်နေတာမြင်နေရတယ်။ လက်နက်ကြီးကတော့ အခုချိန်ထိ တစ်ချက်တစ်ချက်ထုနေတုန်းပဲ” ဟု ရေဖြူအရှေ့ဖက်ကမ်းရှိ ဒေသခံတစ်ဦးက ယနေ့ ၁၂ နာရီအချိန်က ပြောဆိုသည်။
တိုက်ပွဲဖြစ်ချိန်မှစကာ စစ်အာဏာရှင်တပ်က မြို့အဝင်အထွက်ရှိ စစ်ဆေးရေးဂိတ်များကို ပိတ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့် မပြုတော့ဟုဆိုသည်။
“ကျွန်မတို့ဆွေမျိုးတွေလည်း လာမရဘဲ ပိတ်မိနေတယ်။ ဂိတ်တွေက လမ်းပိတ်ချပြီး (လက်နက်တွေနဲ့) ပစ်ထုတ်နေတော့ ထွက်လာလို့မရဘဲဖြစ်နေတယ်” ဟု အရှေ့ဖက်ကမ်းဒေသခံတစ်ဦးကဆိုသည်။
တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သောကြောင့် အသေးစိတ်အခြေအနေများကို မေးမြန်းမရသေးပေ။
နေ့လယ် ၁၂ နာရီအထိ နောက်ဆုံးမေးမြန်းချက်အရ လတ်တလော ပစ်ခတ်သံများငြိမ်နေပြီး လက်နက်ကြီးသံကိုမူ တစ်ချက်တစ်ချက်ကြားနေရသေးကြောင်း ပြောဆိုသည်။
ယခုရက်ပိုင်းတွင် ထားဝယ်ခရိုင်အတွင်း တိုက်ပွဲများ ဆက်နေပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်း လောင်းလုံးမြို့အနီး ညင်းမော်ကျေးရွာအနီးတဝိုက်တွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား ထိတွေတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။







