ယခုနှစ်တွင် မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီ စတင်ရောက်လာပြီဖြစ်သော်လည်း မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ကွမ်းသီးခြောက်လုပ်သူများ လုပ်ငန်းခွင်ဝင်ရန် နောက်ကျနေကြောင်း ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။
သီတင်းကျွတ်လတွင် ကွမ်းသီးအမှည့်ဆွတ်ခူးပြီး အခြောက်လုပ်ရန် နေလှန်းကြလေ့ရှိသော်လည်း လက်ရှိတွင် မိုးရွာ နေသဖြင့် ကွမ်းသီမှည့် မခူးရသေးကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးတောင်သူအချို့က ဆိုသည်။
“ကွမ်းသီးအမှည့်တွေက ကြိုခူးထားရင် မိုးကလည်း ၁၁ လပိုင်းကုန်အထိ ရွာချင်ရွာနေမှာ။ အဲဒီအခါကျရင် ကွမ်းသီး အမှည့်တွေက အပင်ပေါက်ကုန်မှာ။ အခုတောင်မှ အပင်အောက်ကြွေတဲ့ တချို့အသီးတွေဆို ကွမ်းပင်ပေါက်ဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။
ကွမ်းသီးအမှည့်ကို ခူးဆွတ်ပြီး အခြောက်လုပ်ရန်အတွက် နေလှန်းပါက ရက် ၃၀ မှ ၄၅ ရက်အထိ ကြာမြင့်လေ့ရှိသည်။
ကွမ်းသီးနု ပေါ်ချိန်ကမူ ဈေးမကောင်းသော်လည်း ဒေသတွင်း စစ်ရေးအခြေအနေများကြောင့် ဆွတ်ခူးရောင်းချခဲ့ကြကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ကွမ်းစိုက်တောင်သူအချို့က ပြောဆိုသည်။
ကွမ်းသီးနု ခူးပြီးနောက် ကွမ်းပင်တွင် ကျန်ခဲ့သည့် လက်ကျန်ကွမ်းသီးအမှည့်များကို မခူးကြသေးဘဲ နေပူမည့်ရက်ကို စောင့်နေကြကြောင်း ၎င်းတို့က ဆိုသည်။
ကျွန်းစုမြို့နယ်တွင်လည်း ဒေသတွင်းစစ်ရေးအခြေအနေကြောင့် ကွမ်းသီးနုရာသီက အများအပြား ခူးဆွတ်ရောင်းချခဲ့ပြီး လက်ရှိတွင် ကွမ်းသီးခြောက်လုပ်သူ အနည်းငယ်သာရှိကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။
“ကွမ်းသီးခြောက်ကတော့ မထွက်သေးဘူး။ ဒီနှစ်ကတော့ မိုးကြောင့်ကွမ်းသီးခြောက်လုပ်တာ နောက်ကျကြမယ်။ ” ဟု ၎င်းက ဆိုသည်။
ဘုတ်ပြင်းနှင့် ကျွန်းစုမြို့နယ်ထွက် ကွမ်းသီးခြောက်အများစုကို မြိတ်မြို့ရှိ ကွမ်းသီးခြောက်အဝယ်ဒိုင်ကြီးများကို အဓိက တင်ပို့ကြပြီး ထိုမှတစ်ဆင့် တိုင်းတွင်းရှိ အခြားမြို့များနှင့် တိုင်းပြင်ပကို တင်ပို့ရောင်းချကြသည်။







