ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် နာရီစင်နှင့် စျေးမီးလောင်ကြောင်း ဒေသခံများနှင့် စစ်ရှောင်များထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၂ရက် နံနက် ၉နာရီခွဲဝန်းကျင်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် မောတောင်မြို့ကို ဗုံးကြဲခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“မြို့အတွင်းမှာ ပိတ်မိနေတဲ့သူတွေလည်းရှိတယ်။ အရေအတွက်တော့ မသိရသေးဘူး။ သူတို့လည်း လေကြောင်း လာကြဲတုန်းက ထိခိုက်မှုရှိတယ်လို့ ကြားရတယ်။ မွန်ကျောင်းလည်း မီးလောင်သွားပြီလို့ သိရတယ်။ မိနစ် သုံးဆယ် လောက်ကြာတယ် လာကြဲသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗုံးလာကြဲသည်ကို ထိုင်းနိုင်ငံဘက်က မြင်နေရပြီး လက်နက်ကြီးသံများလည်း အဆက်မပြတ်ကြားနေရကြောင်း ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့် မြန်မာ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
မောတောင်မြို့တွင် တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်အာဏာရှင်တပ်က တိုက်ပွဲဒုတိယနေ့တွင် လေကြောင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
“ကြဲနေတာက မြို့ထဲကို ကြဲနေတယ်။ ကျွန်တော်တို့ ရှောင်နေတဲ့ နေရာမှာကို (မြေကြီး) လာတုန်နေတယ်။ မီးလောင် နေတယ်လို့ လည်းကြားရတော့ ပြန်ဝင်ရချိန် အိမ်တွေ ကျန်မှ ကျန်ပါ့မလား မသိဘူး။ ခဏအတွင်းကို ကြဲနေတာ နည်းနည်း မဟုတ်ဘူး။ ဆက်တက်လက်တက် (ဆက်တိုက်) ကို ကြဲနေတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ လေကြောင်းဖြင့်တိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးသွားသည်များကို Dawei Watchအနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။
နိုဝင်ဘာလ ၁၂ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက နယ်စပ်တွင်ရှောင်နေသည့် မြန်မာ စစ်ရှောင်များကို လာရောက် ကြည့်ရှုသွားကြောင်း စစ်ရှောင်များထံမှ သိရသည်။
မောတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံတစ်ထောင်ကျော် ထိုင်း-မြန်မာနယ်စပ်တွင် စစ်ရှောင်နေရပြီး အမိုးကာနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။







