လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။
ညင်းမော်ရွာသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း ရှေ့ဆက်စစ်ကြောင်းထိုးလာသဖြင့် ယနေ့ နိုဝင်ဘာလ ၁၂ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်မှစ၍ တော်လှန်ရေးတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြရာမှ တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း စစ်ဘေးရှောင် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“အခြေအနေက အရမ်းကြောက်နေပြီ။ ဟိုဘက်ကပစ် ဒီဘက်ကပစ်။ ထားဝယ်မြို့ ပေါ် ကာစတန်ကလည်း ပစ်ချနေတယ်” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၌ရှိသော စစ်အာဏာရှင်တပ်နှင့် အနောက်ဘက် ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောတို့ကလည်း တိုက်ပွဲဖြစ်သည့် ယနေ့ နံနက် ၈ နာရီကျော်မှစ၍ လက်နက်ကြီး၊ အမြောက်များဖြင့် ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် သုံးလုံးထက်မနည်း စပ်ပြဲကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး နှစ်ဦးထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။
“(လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့နေရာမှာက) စစ်ရှောင် မရတဲ့ နာမကျန်းတဲ့ သက်ကြီးရွယ်အိုတွေ၊ လေဖြတ်ထားတဲ့ သူတွေလည်း ရှိတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ယနေ့ နံနက် ၁၁ နာရီခန့်အထိ ထားဝယ်မြို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
နိုဝင်ဘလ ၁၀ ရက် ညနေပိုင်းတွင်လည်း ညင်းမော်ကျေးရွာသို့ ရောက်ရှိလာသည့်စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ညင်းမော်ကျေးရွာဘုန်းကြီးကျောင်းနှင့် လူမရှိသည့် နေအိမ်များ တွင် တပ်စွဲ နေထိုင်ခဲ့ပြီးနောက် ယနေ့ ဆက်လက် စစ်ကြောင်းထိုးလာရာမှ တော်လှန်ရေးတပ်တို့နှင့် ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
နိုဝင်ဘာလ ၈ရက်က လောင်းလုံးမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံး ဖောက်ခွဲမီးရှို့ ခံရပြီးနောက် စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၁၀ရက်မှစ၍ လောင်းလုံးမြို့၏ အောက်ဘက်တွင်ရှိသော ကျေးရွာများသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး နေသည်။







