ထိုင်း-မြန်မာ နယ်စပ် နတ်အိမ်တောင်ဒေသသို့ တနင်္သာရီကမ်းလွန်မှ သဘာဝဓာတ်ငွေ့ များ သယ်ပို့နေသည့် ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းထားသည့် ဧရိယာအနီး နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်တပ်ကဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ပိုက်လိုင်းစီမံကိန်းများ၏ နယ်မြေသတ်မှတ်ချက်အရ E 3 ဇုန် မှ ပေ ၃၀၀ ခန့်အကွာကို Y 12 လေယာဥ်ဖြင့် ကြဲချခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ။
ဗုံးကြဲခံရမှုကြောင့် အဆိုပါဧရိယာ အနီးရှိ ကျောက်လုံးကြီးရွာမှ အသက် ၁၉ နှစ်အရွယ် မချစ်စနိုး ဗုံးစထိမှန်ကာ ဦးခေါင်ကြေမွ သေဆုံးခဲ့ရကြောင်း ဓာတ်ပုံ မှတ်တမ်းများနှင့် ရွာသားများ၏ ပြောပြချက်အရ သိရသည် ။
“ဘာတိုက်ပွဲမှမရှိဘဲ လာကြဲချသွားတာ” ဟု ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား ကပြောသည်။
နတ်အိမ်တောင်တက်သည့် ကျောက်ပုံနယ်စပ်လမ်းနှင့် ရေး-ထားဝယ်ကားလမ်း ကလိန်အောင်အပိုင်းတို့တွင် စက်တင်ဘာလလယ်ကတည်းက စစ်ရေးလှုပ်ရှားမှုများ ငြိမ်နေကြောင်း တော်လှန်အင်အားစုများ ကဆိုသည် ။
၂၀၂၄ ခုနှစ် မတ်လကလည်း စစ်အာဏာရှင်တပ်သည် ကလိန်အောင်မြို့အနီး ရာဖူးရွာဝန်းကျင် ကျေးရွာများကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ဖူးသည်။
မုတ္တမ(တနင်္သာရီ) ကမ်းလွန်ရှိ ဇောတိကစီမံကိန်း (M1၊ M11 လုပ်ကွက်)တွင် ATL ကုမ္ပဏီက ဓာတ်ငွေ့ထုတ်ယူနေပြီး ရတနာစီမံကိန်း( M5၊ M6 လုပ်ကွက်)တွင်မူ (MGTC) ကုမ္ပဏီက ထုတ်ယူကာ တနင်္သာရီတိုင်းကိုဖြတ်သန်း၍ ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့သယ်ယူနေခြင်းဖြစ်ကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







