BREAKING
November 12, 2025

BBC တွင် ပိုတင်းကျပ်သည့် အယ်ဒီတာစံနှုန်းကော်မတီလိုအပ်ဟု ယဥ်ကျေးမှုအတွင်းဝန်ဟောင်းပြော

November 12, 2025

ပုံစာ - ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ ယဥ်ကျေးမှုဆိုင်ရာအတွင်းဝန်ဟောင်း John Whittingdale

BBC သတင်းဌာနအနေဖြင့် ပိုမိုတင်းကျပ်သည့် အယ်ဒီတာစံနှုန်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် လိုအပ်ကြောင်း ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ ယဥ်ကျေးမှုဆိုင်ရာအတွင်းဝန်ဟောင်း John Whittingdale က ပြောကြားလိုက်သည်။

BBC အနေဖြင့်ပိုမိုပြတ်သား၍ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက BBC News Channel သို့ ပြောကြားခဲ့သည်။

“BBC က BBC ကို စစ်ဆေးအကဲဖြတ်နေရသည့် သဘောမျိုး” မဖြစ်စေရန် အဆိုပါ ကော်မတီတွင်ပြင်ပမှ ပုဂ္ဂိုလ်များကို ပိုမိုပါဝင်စေသင့်ကြောင်း ၎င်းက ဆိုသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ချို့ယွင်းချက်များအတွက် ဘုတ်အဖွဲ့ထက် မန်နေဂျာများကသာ တာဝန်ခံသင့်ကြောင်း ၎င်းက ဆိုသည်။

BBC ဘုတ်အဖွဲ့၏ အမှုဆောင် မဟုတ်သော ဒါရိုက်တာ Robbie Gibb အနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် စကော့တလန် ဝန်ကြီးချုပ် John Swinneyနှင့် လစ်ဘရယ် ဒီမိုကရက်ခေါင်းဆောင် Ed Davey) တို့က တနင်္လာနေ့တွင် တောင်းဆိုခဲ့သည်။

သို့သော် Robbie Gibb အား လက်ရှိရာထူးတွင် ဆက်ရှိရန် ထောက်ခံကြောင်း ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ ယဥ်ကျေးမှုဆိုင်ရာအတွင်းဝန်ဟောင်း John Whittingdale က ထုတ်ဖော်ပြောဆိုခဲ့သည်။

“Panorama” အစီအစဉ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မိန့်ခွန်းအပိုင်းနှစ်ပိုင်းကို ပေါင်းစပ်တည်းဖြတ်ခဲ့သဖြင့် ထရမ့်အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန်လွှတ်တော် အဆောက်အအုံသို့ ဝင်ရောက်စီးနင်းရန် သိသာထင်ရှားစွာ လှုံ့ဆော်ခဲ့ပုံ ပေါက်စေခဲ့ကြောင်း The Telegraph သတင်းတစ်ရပ်က နိုဝင်ဘာလ ၁၀ ရက်တွင် ထုတ်ဖော်ခဲသည်။

ပေါက်ကြားလာခဲ့သည့် ဘီဘီစီ၏ ဌာနတွင်း မှတ်တမ်းတွင် ပါရှိသည့် အသေးစိတ်အချက်များကိုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကြောင့် ဘီဘီစီသတင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် Tim Davie နှင့် သတင်းခန်းအကြီးအကဲဖြစ်သူ Deborah Turness တို့ ရာထူးမှ နုတ်ထွက်ခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဘီဘီစီကို ဥပဒေအရ အရေးယူသွားမည်ဆိုသည့် ခြိမ်းခြောက်စာတစ်စောင် ပေးပို့ခဲ့ပြီး ယင်းစာတွင် နိုဝင်ဘာလ ၁၄ ရက် နောက်ဆုံးထားပြီး ပြည့်စုံတရားမျှတသော ရုပ်သိမ်းကြောင်း ကြေညာချက်ကို ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချိန်အတွင်း မထုတ်ပြန်ပါက ဒေါ်လာတစ်ဘီလျံ နစ်နာကြေးရလိုမှုဖြင့် တရားစွဲသွားမည်ဟု ပါရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

Source: BBC