ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်ရှိ ခရိုင်တရားရုံးအပြင်ဘက်၌ နိုဝင်ဘာလ ၁၁ ရက်နေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုမျိုးသည် နှစ်ပေါင်းများစွာကြာပြီးနောက် ပါကစ္စတန်မြို့တော်တွင် ပထမဆုံးအကြိမ် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရပြီး လမ်းမပေါ်တွင် ကွဲအက်နေသည့် မှန်အပိုင်းအစများနှင့် မီးလောင်ထားသည့် ယာဉ်များ ကျန်ရစ်ခဲ့ကြောင်း သတင်းများတွင်ပါရှိသည်။
ယင်းတိုက်ခိုက်မှုကို ပါကစ္စတန်တာလီဘန် စစ်သွေးကြွအဖွဲ့က ၎င်းတို့ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ပါကစ္စတန်တရားစီရင်ရေး အရာရှိများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပါကစ္စတန်တာလီဘန်စစ်သွေးကြွအဖွဲ့၏ ထုတ်ပြန်ချက်တွင် “ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးသမားက အစ္စလာမာဘတ်မှာရှိတဲ့ တရားစီရင်ရေး ကော်မရှင်ကို တိုက်ခိုက်ခဲ့ပါတယ်။ ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်မဟုတ်တဲ့ ဥပဒေတွေအောက်မှာ စီရင်ချက်တွေချတဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေနဲ့ အရာရှိတွေကို ပစ်မှတ်ထားခဲ့တာပါ” ဟု ဖော်ပြသည်။
မွတ်ဆလင်အများစုနေထိုင်ရာ ပါကစ္စတန်နိုင်ငံတွင် “အစ္စလာမ်မစ် ရှာရီယာဥပဒေကို အကောင်အထည်ဖော်သည်အထိ” နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု အဆိုပါ အဖွဲ့ကခြိမ်းခြောက်ထားသည်။
အင်္ဂါနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုသည် အစ္စလာမာဘတ်ရှိ ခရိုင်တရားရုံး ဝင်ပေါက်အနီးတွင် ဖြစ်ပွားခဲ့ပြီး ယင်းနေရာသည် အများအားဖြင့် အမှုသည်များဖြင့် စည်ကားနေလေ့ရှိကြောင်း သိရသည်။
အသေခံဗုံးခွဲသမားသည် တရားရုံး အဆောက်အအုံအတွင်းသို့ ခြေလျင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သေးသော်လည်း ၁၀ မိနစ်မှ ၁၅ မိနစ်အထိ စောင့်ဆိုင်းပြီးနောက်တွင် တရားရုံး အပြင်၌ပင် ဖောက်ခွဲမှုလုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ဆိုသည်။
“ဒီဖြစ်စဉ်ကို ပုံစံအမျိုးမျိုးနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါဟာ သာမန် ဗုံးခွဲမှုတစ်ခု မဟုတ်ပါဘူး။ အစ္စလာမာဘတ်မြို့လယ်မှာ ဖြစ်ခဲ့တာပါ” ဟု ဝန်ကြီးက ဆိုသည်။
“(တိုက်ခိုက်သူ) ဘယ်သူလဲ၊ ဘယ်ကလာလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘက် ရှာရစ်ဖ်ကမူ အဆိုပါ တိုက်ခိုက်မှုသည် အိန္ဒိယကျောထောက်နောက်ခံပြု အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟု ဆိုသည်။
သို့သော် ဝန်ကြီးချုပ်သည် ယင်းအတွက် မည်သည့်သက်သေအထောက်အထားမျှ ဖော်ပြပြောဆိုခြင်း မရှိခဲ့ပေ။
အိန္ဒိယမြို့တော် နယူးဒေလီတွင်လည်း တနင်္လာနေ့က ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။
Sources: Agencies/dc







