BREAKING
November 12, 2025

မောတောင်စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်

November 12, 2025

ပုံစာ - မောတောင်မြို့မှ စစ်ရှောင်များကို ထိုင်း-မြန်မာနယ်စပ်လမ်းမကြီးတစ်လျှောက်တွင် တွေ့ရစဉ်။

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်နေ၍ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး တာလပတ်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လို အပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲက မောတောင်မြို့ပြင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများသည် အလယ်ဂိတ်တွင် စစ်ရှောင်နေကြရကြောင်း တာလပတ်နှင့်စားနပ်ရိက္ခာများ အရေးပိုလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အရေးပေါ် ထွက်ပြေးလာကြတော့ အချို့ အမိုးတွေပါတဲ့သူကပါတယ်။ မပါတဲ့သူက များတယ်။ စားနပ်ရိက္ခာက လိုတယ်။ ဘာမှသယ်မရခင် ပြေးလာသမားတွေက များတယ်။ အခုရှောင်နေတဲ့ထဲ (စစ်ရှောင်များတွင်) ကလေးတွေက ပိုများတယ်”ဟု အထက်ပါ စစ်ရှောင်ကူညီနေသူက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီတွင် မောတောင်မြို့တပ်စခန်းရှိ စစ်အာဏာရှင်တပ်မှ လက်နက်ကြီးများပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာပြီး ၁၁ ရက်နေ့ နေ့လယ်တွင် နေအိမ်သို့ပြန်သွားစဥ် တိုက်ပွဲပြန်ဖြစ်၍ ထပ်မံထွက်ပြေးကြရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သက်ကြီးရွယ်အိုများကို ရွာသားများက ထမ်းထုတ်လာကြပြီး ယခုလက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းမကြီးတစ်လျှောက်တွင် တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အိမ်ကို ထမင်းချက်ပြီး အထုပ်တွေ ကောက်စရာရှိကောက်ရအောင်ဆိုပြီး ပြန်ဝင်သွားတယ်။ ဘယ်လောက်မှ မကြာဘူး။ မြို့ပြင်ကနေ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရပြီး လက်နက်ကြီးတွေလည်း ပစ်လာတော့ ပြန်ပြေးလာရတယ်။ အမိုးတွေက တော်တော်များများ မပါလာကြဘူး။ ဒီရက်မိုးမရွာရင် တော်ဦးမယ်။ မိုးရွာချရင် မိုးတောထဲနေနေရမယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

ထိုင်းအာဏာပိုင်များသည် ထိုင်းထဲသို့ အဝင်မခံကြောင်း၊ ထိုင်းရောက်မြန်မာများက စစ်ရှောင်များကို ထမင်းထုပ်များနှင့်လိုအပ်သည့် ပစ္စည်းများကူညီကြသဖြင့် ထိုင်းစစ်သားများက သွားပို့ပေးကြောင်း နယ်စပ်တွင်ရောက်နေသည့် မြန်မာအမျိုးသမီးတစ်ဦးက ဆိုသည်။

မောတောင်မြို့မှာ ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်နှင့်ထိစပ်နေပြီး နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မောတောင်မြို့နှင့်နီးစပ်သည့် ထိုင်း-မြန်မာနယ်စပ်လျှောက်တွင် ထိုင်းကင်းထောက်လေယာဥ်များလည်း ပျံသန်းနေသည်မှာ သုံးရက်ရှိပြီဖြစ်ကြောင်း ၎င်းကပြောသည်။