ပုလောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၏ တပ်ဖွဲ့တစ်ခုဖြစ်သည့် မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့သည် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နှင့် ပူးပေါင်းခဲ့ကြောင်း အောက်တိုဘာလ ၁၀ ရက်တွင် မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
ပုလောမြို့နယ် တိုက်ခိုက်ရေးတပ်ဖွဲ့ သည် ၂၀၂၃ ခုနှစ် ၊ ဇွန်လတွင် ပုလောစစ်ကြောင်း – ၁ အဖြစ်စတင်ဖွဲ့ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပုလောပကဖ၏ တပ်ဖွဲ့တစ်ခုအဖြစ် ပြောင်းလဲလိုက်သည့် တပ်ဖွဲ့ဖြစ်သည် ။
ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်ထံ ပူးပေါင်းရန် လွန်ခဲ့သည့်လေးလခန့်ကတည်းက မြေပြင်တွေ့ဆုံသဘောတူညီမှုများပြုလုပ်ကာ ညှိနှိုင်း၍ သဘောတူညီမှုများရရှိသဖြင့် ပူးပေါင်းကြခြင်းဖြစ်ကြောင်း DNLA တာဝန်ရှိသူ နှင့် ပုလောမြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့ကဆိုသည် ။
ယင်းသို့ မပူးပေါင်းမီ စက်တင်ဘာလဆန်းပိုင်းတွင် ပုလောပကဖတပ်ဖွဲ့ အဖြစ်မှ နုတ်ထွက်ရန် ပုလောပကဖထံ အကြောင်းကြားခဲ့ပြီး စာဖြင့် နုတ်ထွက်ခွင့်တင်ထားသည်လည်းရှိကြောင်း မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ခံကပြောသည်။
” ရဲဘော်တစ်ဦးချင်းနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ကျွန်တော်တို့ MOD ( အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန)က နုတ်ထွက်တာပါ ။ မြို့နယ်(ပကဖ) လူကြီးတွေကို(နုတ်ထွက်ဖို့) အသိပေးထားတယ်။ ၉ လပိုင်း (စက်တင်ဘာလ) စောစောလောက်ဖြစ်မယ်။ သူတို့ဘက်က အသိပေးကြေညာလို့ ရပြီလို့ ပြောလာတယ်ဆိုတော့ နုတ်ထွက်ခွင့်ပြုတယ်လို့ ယူဆလို့ရတာပေါ့ဗျ ” ဟု ၎င်းကပြောဆိုသည် ။
ယင်းသို့ ပုလောမြို့နယ် ပကဖမှ နုတ်ထွက်သည့် အခြေအနေနှင့်ပတ်သက်၍ မြို့နယ် ပကဖ ထံ ဆက်သွယ်မေးမြန်းရာ အောက်တိုဘာလ ၇ ရက်တွင် တယ်လီဖုန်းဖြင့်တစ်ကြိမ်၊ အောက်တိုဘာလ ၁၀ ရက်တွင် စာဖြင့်တစ်ကြိမ် မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ မှ ရဲဘော်အားလုံး နုတ်ထွက်ခွင့်စာပေးပို့ခြင်းကို လက်ခံရရှိပြီး အဆင့်ဆင့်ပြန်တင်ပြထားကြောင်း ဖြေကြားသည် ။
” ပေးပို့လာတဲ့ စာပါအကြောင်းအရာအရ ကတော့ သူတို့နုတ်ထွက်ကြောင်း ခွင့်ပြုချက်တောင်းတာမျိုး မဟုတ်ဘဲ နုတ်ထွက်ကြောင်း အသိပေးတဲ့စာမျိုးဆိုတော့ မြို့နယ်အနေနဲ့ကတော့ လုပ်ထုံးလုပ်နည်းအရ ဆက်လက်တင်ပြထားတဲ့ သဘောပါခင်ဗျား။ နုတ်ထွက်ခွင့်ပြုမပြု ဆိုတာမျိုးတော့ တိုင်းပကဖ ၊ မြိတ်ခရိုင်ပကဖ ဘက်ကိုမေးဖို့ အကြံပြုချင်တယ်ခင်ဗျား ” ဟု ပုလောမြို့နယ် ပကဖ မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
တိုင်း ပကဖ တာဝန်ရှိသူ ထံ ဆက်သွယ်မေးမြန်းရာ အကြောင်းပြန်ခြင်းမရှိသေးပေ။
ယခုကဲ့သို့ ပူးပေါင်းနိုင်ခြင်းကြောင့် စစ်ရေးလှုပ်ရှားမှုများကို ပုလောမြို့နယ်ဘက်အထိ မဟာမိတ်များနှင့်ပူးပေါင်း လုပ်ဆောင်နိုင်မည့်သဘောရှိပြီး ယခုပူးပေါင်းလာသည့်တပ်ဖွဲ့သည် ပုလောဘက်တွင် DNLA နှင့် ပူးပေါင်းသည့် ပထမဆုံးတပ်ဖွဲ့ ဖြစ်ကြောင်း DNLA ၏ တာဝန်ရှိသူ ကပြောသည် ။
ယခင်ကလည်း ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့ များမှ တပ်ခွဲ အချို့ DNLA နှင့် လာရောက်ပူးပေါင်းမှုများရှိခဲ့ဖူးကြောင်း ၎င်းကဆက်ပြောသည်။
” ပေါင်းစည်းနိုင်သမျှ ပေါင်းစည်းလုပ်ဆောင်နိုင်ရင်ပိုကောင်းပါတယ်။ ရည်ရွယ်ချက်တူညီတဲ့ ညီအစ်ကိုတွေကိုလည်း ကျွန်တော် တို့ကြိုဆိုပါတယ်။ ညှိနှိုင်းတိုင်ပင်ဆွေးနွေပြီး ပူးပေါင်းနိုင်ရင်တော့ ကောင်းပါတယ်” ဟု DNLA ၏ တာဝန်ရှိသူ ကပြောသည်။
မွန်နှင့်တနင်္သာရီ နယ်စပ်တွင် စစ်ရေးလှုပ်ရှားနေသည့် PDF ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစု ၊ ကျောင်းသားတပ်ဖွဲ့စသည့် တပ်ရင်း၊တပ်ဖွဲ့ ၆ ခုကို ယခုနှစ် ဧပြီလက စုစည်းကာ မွန်၊ကရင်၊ထားဝယ် စစ်ရေးမဟာမိတ်ဖွဲ့စည်းရာတွင် DNLA လည်းပါဝင်သည်။
လောင်းလုံးမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ တပ်ဖွဲ့တစ်ခုဖြစ်သည့် လိပ်ပြာတပ်စုသည် ပကဖမှ နုတ်ထွက်ကာ သံမဏိလိပ်ပြာ အမည်ဖြင့် သီးခြားရပ်တည်မည်ဟု ယခုသီတင်းပတ်အတွင်း ယင်းတပ်ဖွဲ့ က အသိပေးထားသည် ။