လာမည့်နှစ်တွင် ဥရောပ၌ ပေါ်ပေါက်လာနိုင်ခြေရှိသည့် အကြီးစားစစ်မက်ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်းရှိ ဆေးရုံများကို ညွှန်ကြားထားကြောင်း The Independent သတင်းဌာနက စက်တင်ဘာလ ၃ ရက်နေ့တွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် ၊ မတ်လမကုန်ခင် ပေါ်ပေါက်လာနိုင်သည့် အကြီးစားစစ်ရေးပဋိပက္ခတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားရန် နိုင်ငံအတွင်းရှိ ဒေသန္တရကျန်းမာရေးဌာနများထံ ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။
စစ်မက်ဖြစ်ပွားချိန် ၁၀ ရက်မှ ရက်ပေါင်း ၁၈၀ အတွင်း ဆေးရုံတင်ရသည့် လူပေါင်း ၁၀,၀၀၀ မှ ၅၀,၀၀၀ အကြား ရှိနိုင်ကြောင်း အဆိုပါ ညွှန်ကြားစာအကြောင်း ဖွင့်ချခဲ့သည့် နာမည်ကြီးပြင်သစ်သတင်းစာ Le Canard Enchaîné က သတိပေးထားသည်။
“လက်ရှိနိုင်ငံတကာ အခြေအနေအရ ပြင်းထန်တဲ့ စစ်မက်ပဋိပက္ခတွေ ပေါ်ပေါက်ရင် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပေးရေး နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” ဟု ပြင်သစ်အစိုးရ၏ အဆိုပါ ညွှန်ကြားစာတွင် ဖော်ပြထားကြောင်း သိရသည်။
ပြင်သစ်ရုပ်သံလွှင့်ဌာန BFMTV နှင့် အင်တာဗျူးတွင် ပြင်သစ်ကျန်းမာရေးဝန်ကြီး Catherine Vautrin က အဆိုပါ ညွှန်ကြားစာပေးပို့မှုနှင့် ပတ်သက်၍ ငြင်းဆိုခဲ့ခြင်း မရှိပေ။
“ဒါဟာ မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းတွေ စုဆောင်းထားသလိုမျိုး၊ ကပ်ရောဂါတစ်ခုအတွက် ပြင်ဆင်သလိုမျိုး တစ်ခုပါပဲ” ဟု သူမက အဆိုပါ အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“နိုင်ငံတစ်ခုအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကျပ်အတည်းတွေနဲ့ အကျိုးဆက်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ဆိုတာ လုံးဝကို ပုံမှန်ပါပဲ။ ဒါဟာ ဗဟိုအစိုးရရဲ့ တာဝန်တွေထဲမှာ ပါပြီးသားပါ” ဟု သူမက ပြောသည်။
ဇူလိုင်လ ၁၈ ရက်နေ့စွဲပါ အဆိုပါ ညွှန်ကြားစာတွင် ပြင်သစ်သည် လာမည့်လအနည်းငယ်အတွင်း ဖြစ်ပွားနိုင်သည့် အကြီးစားပဋိပက္ခတစ်ခု၏ နောက်တန်းအခြေစိုက်စခန်း ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။
စစ်သားများကို ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံ ဆိပ်ကမ်းများနှင့် လေဆိပ်များအနီးတွင် ဆေးဝါးကုသရေးဌာနများကို တည်ထောင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ချိန်ရွယ်နေကြောင်းလည်း အဆိုပါ စာထဲတွင် ထပ်လောင်းဖော်ပြထားသည်။
ယခုနှစ် ဇူလိုင်လတွင်ပင် ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က ပြင်သစ်နိုင်ငံ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် နှစ်ဆတိုးမြှင့်ရန် ကြေညာခဲ့သည်။
Source: The Independent







