ထားဝယ်မြို့ ကမ်းနားစျေးတွင် ယနေ့ စက်တင်ဘာလ ၁၂ရက် နံနက်ပိုင်း၌ လူငယ်အမျိုးသားတစ်ဦးကို စစ်အာဏာရှင် တပ်သားများက ဖမ်းဆီးသွားကြောင်း ကိုယ်တိုင်ကြုံရသည့် မြို့ခံများနှင့် စျေးသူစျေးသားအချို့ထံမှ သိရသည်။
ယနေ့ နံနက် ၆နာရီခန့်တွင် ထားဝယ်မြို့ ကမ်းနားစျေး၌ ကွမ်းရွက်လာဝယ်ချိန် စစ်ဆေးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေခဲ့သည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“စျေးရှေ့မှာ ဆိုင်ကယ် ရပ်လို့မရဘူး။ အဲဒီလူငယ်က စျေးရှေ့မှာ ဆိုင်ကယ်ရပ်ပြီး ကွမ်းရွက်ဆင်းဝယ်တာကို လူရော၊ ဆိုင်ကယ်ရော ဖမ်းပြီး ကားပေါ် တင်သွားလိုက်တယ်။ မော်တော်ပီကယ်တွေလည်း မဟုတ်ဘူး၊ စစ်သားတွေ။ အရင်က ဆိုင်ကယ်ဖမ်းရင် ဒစ်ဝိုင်း (ဝှီးတက်) သိမ်းပြီး ဒဏ်ရိုက်တာလေ၊ အခုက လူရော၊ ဆိုင်ကယ်ရောကိုဖမ်းသွားတာ” ဟု ၎င်းက ပြောဆိုသည်။
လူငယ်ကို ဖမ်းဆီးသွားသည့် အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။
ထားဝယ်မြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွနှင့် စျေးများတွင် ယခုရက်ပိုင်းအတွင်း လူငယ်များကို စစ်ဆေးဖမ်းဆီးမှု များလာကြောင်း ကိုယ်တိုင်ကြုံရသူသည့် မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
မြို့ပေါ်တွင် လုံခြုံရေးယူထားသည့် စစ်အာဏာရှင်တပ်ဖွဲ့နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မြို့ခံများနှင့် ခရီးသွား ပြည်သူများအပေါ် စစ်ဆေးဖမ်းဆီးပြီး အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းယူနေကြောင်း မြို့ခံများက ဆိုသည်။
လူငယ်များကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် အသွားအလာ သတိထားရန် လိုအပ်ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“အခုနောက်ပိုင်း ဖုန်းသုံးတဲ့ လူငယ်တွေ ပိုသတိထားဖို့လိုတယ်။ လူငယ်တွေဆို ဖုန်းစစ်တယ်။ ဖုန်းသူတို့လက်ထဲ ရောက်တာနဲ့ အကြောင်းအမျိုးမျိုးရှာပြီး ခြိမ်းခြောက်ငွေတောင်းဖို့ ကြိုးစားတော့တာပဲ။ ဖုန်းက သူတို့လက်ထဲ ရောက်တာနဲ့ကို ဟိုဖွဲ့က စာပို့နေတယ်၊ ဒီမှာ ဒီအဖွဲ့က ဖုန်းဆက်လာနေတယ်ဆိုပြီး ချက်ချင်းဖြစ်သွားတယ် ကိုယ့်ဖုန်းကို ယူပြီး သူတို့ဘာလုပ်လိုက်တယ်ဆိုတာ ကိုယ်ဘာမှ မသိရတော့ဘူး” ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့ ပေါ်ရှိ ဆန်ချီလမ်းဆုံ၊ မြို့သစ်လမ်ဆုံများ၊ ကမြောကင်းလမ်းတစ်လျှောက်လုံးနှင့် ကျောက်ရပ်လမ်းဆုံများတွင် ဌာနေပြည်သူ့စစ်များက ခရီးသည်တင်ကား၊ ခရီးသွားများနှင့် မြို့ခံများအပေါ် နေ့စဉ်နီးပါး စစ်ဆေးဖမ်းဆီးငွေညှစ်ကြောင်း လောင်းလုံးမြို့နယ်မှ ကိုယ်တိုင်ကြုံရသူအမျိုးသားတစ်ဦးက ဆိုသည်။
“လမ်းဆုံတိုင်းမှာ (ပြည်သူ့စစ်တွေ တားလို့) ရပ်ရတယ်။ ဒီလမ်းဆုံမှာ ပေးပြီးသားလည်း နောက်လမ်းဆုံမှာ မလွတ်ဘူး။ ထပ်ပေးရတာပဲ။ အဲဒါမျိုး ကမြောကင်းလမ်းတစ်လျှောက်လုံးမှာ ကြုံခဲ့ရတာ” ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့တွင် ယခုရက်ပိုင်း လူကြီးခရီးစဉ်ရှိသည်ဟုဆိုကာ လုံခြုံရေးတင်းကျပ်ထားပြီး မြို့အဝင်အထွက် ဂိတ်များတွင်ပါ အစစ်အဆေးများကာ လုံခြုံရေးတိုးမြှင့်ထားကြောင်း မြိုခံများ၏ ပြောကြားချက်အရသိရသည်။







