အမျိုးသမီး အာရှချန်ပီယံလိဂ်အုပ်စုတွေကို အာရှဘောလုံးအဖွဲ့ချုပ်က မဲခွဲလိုက်ပါပြီ။ ခြေစစ်ပွဲအဆင့်ကို ၃ ပွဲကစား၊ ၃ ပွဲနိုင် မှတ်တမ်းနဲ့ ကျော်ဖြတ်ပြီး အုပ်စုအဆင့်ဆီ တက်လှမ်းရောက်ရှိသွားခဲ့တဲ့ မြန်မာကိုယ်စားပြု အမျိုးသမီးကလပ် ISPE ဟာ အုပ်စုကျပ်ထဲကို ကျရောက်သွားခဲ့ပြီး တောင်ကိုရီးယားကလပ်၊ ဂျပန်ကလပ်နဲ့ မြောက်ကိုရီးယားကလပ်တွေကို ရင်ဆိုင်ရတော့မှာပါ။
မြန်မာကိုယ်စားပြု ISPE ကလပ်ဟာ တောင်ကိုရီးယားကလပ် ဆူဝန်၊ ဂျပန်ကလပ် တိုကျိုဗာဒီ၊ မြောက်ကိုရီးယားကလပ် နာဂိုယန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်သွားခဲ့တာဖြစ်ပါတယ်။
အမျိုးသမီး အာရှချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အုပ်စု ၃ ခုပါဝင်ပြီး မြန်မာကိုယ်စားပြု ISPE ကလပ်က အုပ်စု©မှာ ပါဝင်သွားခဲ့ပါတယ်။
အုပ်စုပထမနဲ့ ဒုတိယရရှိတဲ့အသင်းတွေက ကွာတားဖိုင်နယ်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်မှာဖြစ်ပြီး အုပ်စုတတိယရရှိတဲ့အသင်း သုံးသင်းအနက်က အကောင်းဆုံးနှစ်သင်းဟာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်မှာပါ။
ISPE ကလပ်အသင်း ပါဝင်တဲ့ အမျိုးသမီးအာရှချန်ပီယံလိဂ်အုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပါတယ်။ ဒီအုပ်စုက ပွဲစဉ်တွေကို လာမယ့် နိုဝင်ဘာလ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းကြီးမှာ ကျင်းပပေးသွားမှာဖြစ်ပါတယ်။







