မြန်မာဖိုက်တာတွေဟာ ONE Friday Fights 113 ကနေ ONE Friday Fights 118 အထိ ပွဲတွေ အဆက်ပြတ်တောက်ခဲ့ပါတယ်။ ONE Friday Fights 119 ဆီကိုရောက်မှ ONE ဟာ မြန်မာဖိုက်တာတွေကို ပွဲတွေ ပြန်တည်ပေးခဲ့တာပါ။
ONE Friday Fights 119 မှာဆိုရင် မြန်မာဖိုက်တာတွေထဲက ဆွန်ရတ်ခ်နဲ့ စိန်လုံးချောတို့ ပွဲတွေရရှိခဲ့ပြီး ONE Friday Fights 120 ဆီကိုရောက်တော့ အောက်ချင်းလေး၊ စိုးနောင်ဦးနဲ့ သန့်ဇင် တို့ကို ONE က ပွဲတည်ပေးခဲ့ပါတယ်။
ဒီဖိုက်တာ ၅ ယောက်လုံးဟာ ရှုံးပွဲတွေ ကြုံခဲ့ရပြီး ONE Friday Fights 121 မှာ ပွဲရရှိခဲ့တဲ့ သွေးလင်းထက်တစ်ယောက်ပဲ မြန်မာပရိသတ်တွေ ပြုံးပျော်စေမယ့်နိုင်ပွဲကို ရယူပေးနိုင်ခဲ့ပါတယ်။
ONE Friday Fights 122 နဲ့ ONE Friday Fights 123 တွေမှာ မြန်မာဖိုက်တာတွေ ပွဲမရခဲ့ဘဲ အခု ONE Friday Fights 124 ကိုရောက်မှ ONE က မြန်မာဖိုက်တာ အဲမွီကို ပြန်လည်ပွဲထုတ်လာခဲ့ပါတယ်။
ONE Friday Fights မှာ အခုတလော ပွဲပြန်ထိုးခွင့်ရတဲ့ မြန်မာဖိုက်တာတွေထဲမှာ သွေးလင်းထက်ကလွဲရင် ကျန်ဖိုက်တာတွေ ရှုံးခဲ့တာမို့ အဲမွီဟာ အခုပွဲစဉ်ကို သတိကြီးကြီးထားပြီး ချဉ်းကပ်ဖို့ လိုပါတယ်။
အထူးသဖြင့် အဲမွီက Game Plan နဲ့ ဗျူဟာပိုင်းဆိုင်ရာ အားနည်းပါတယ်။ အဲ့ဒီ အားနည်းချက်တွေကို အဲမွီ ပြုပြင်နိုင်ခဲ့ပြီလားဆိုတာ ဒီပွဲမှာ စောင့်ကြည့်ကြရပါလိမ့်မယ်။
ONE ဟာ အခုနောက်ပိုင်းမှာတော့ မြန်မာဖိုက်တာတွေကို နေရာတစ်ခု ပြန်ပေးလာပါတယ်။ ခေါင်ပွဲနဲ့ ဒု-ခေါင်ပွဲတွေမှာ မြန်မာဖိုက်တာတွေကို ပွဲထုတ်လာပါတယ်။ ဆွန်ရတ်ခ်ကို ခေါင်ပွဲ၊ သန့်ဇင်နဲ့ သွေးလင်းထက်တို့ကို ဒု-ခေါင်ပွဲတွေ တည်ပေးခဲ့ပြီး အခု အဲမွီကို ဒု-ခေါင်ပွဲ ပေးလာခဲ့ပြန်ပါတယ်။
အဲမွီဟာ ONE မှာ ငါးပွဲ ထိုးခဲ့ပြီးပါပြီ။ ၂ ပွဲနိုင်ပြီး ၃ ပွဲ ရှုံးထားပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၄ ပွဲကို ပြန်ကြည့်လိုက်ရင် ၁ ပွဲပဲ နိုင်ပြီး ၃ ပွဲရှုံးတယ်ဆိုတာကို မြင်ကြရမှာဖြစ်သလို နောက်ဆုံးထိုးတဲ့ ၂ ပွဲဆက်တိုက် အဲမွီက အရှုံးနဲ့ချည်း ကြုံဆုံရင်ဆိုင်ခဲ့ရပါတယ်။
ဒီညထိုးမယ့်ပွဲမှာ အဲမွီ ရင်ဆိုင်ရမယ့် မာမို့တ်က ONE မှာ ၃ ပွဲထိုးပြီးပါပြီ။ ၂ ပွဲနိုင်ပြီး ၁ ပွဲရှုံးထားပါတယ်။ နောက်ဆုံးထိုးတဲ့ပွဲ အနိုင်ရထားသလို နိုင်တဲ့ပွဲတွေကို အလဲထိုးတွေနဲ့ချည်း နိုင်ထားသူပါ။ အဲမွီဟာ ဒီပွဲကို အရေးနိမ့်ရင် ၃ ပွဲဆက်တိုက် ရှုံးနိမ့်တာဖြစ်လို့ ဖိအားများသွားပါလိမ့်မယ်။
အဲမွီနဲ့ မာမို့တ်တို့ရဲ့ ပွဲကို ONE Friday Fights 124 ရဲ့ ဒုခေါင်ပွဲအဖြစ် ပွဲတည်ပေးထားလို့ မြန်မာစံတော်ချိန်အရ ည ၁၀ နာရီခွဲဝန်းကျင်လောက်မှာ ကြည့်ရလိမ့်မယ်လို့ မှန်းဆမိပါတယ်။







