ထရမ့်၏ မဟာမိတ်ဖြစ်သည့် နာမည်ကြီး ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူ Charlie Kirk သတ်ဖြတ်ခံရမှုအပေါ် ပြန်လက်စားချေတုံ့ပြန်ရန် လှုံ့ဆော်မှုများ အမေရိကန်လက်ယာစွန်း ဝါဒီများအကြား ကြီးထွားလာနေကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Charlie Kirk လုပ်ကြံခံရမှုမှာ အမေရိကန်လက်ယာယိမ်း အင်အားစုများအကြား ဒေါသလှိုင်းလုံးကြီးတစ်ခု မီးမွှေးပေးလိုက်ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
Charlie Kirk အား လုပ်ကြံသည့် သေနတ်သမားမှာ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲ ဖြစ်သည်။
အကြမ်းဖက်မှုများ မြင့်တက်လာမည့်အရေး စိုးရိမ်မှုအကြား ၎င်းလုပ်ကြံခံရမှုမှာ နိုင်ငံရေးအရ အင်မတန်အရေးပါသည့် ကိစ္စတစ်ခုဖြစ်ပြီး ကွန်ဆာဗေးတစ်အင်အားစုများအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု သမ္မတဒေါ်နယ်ထရမ့်အား ထောက်ခံသူများက ပုံဖော်ပြောဆိုလျက်ရှိသည်။
သမ္မတထရမ့်၏ “အမေရိကန်ကို တဖန် ကြီးကျယ်လာအောင် လုပ်ရေး” (Make America Great Again) လှုပ်ရှားမှုအပေါ် နှစ်ပေါင်းများစွာ ရန်လိုမှုများ စုပြုံလာမှုကြောင့် Charlie Kirk သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု သမ္မတထရမ့်အား ထောက်ခံသူများက ဆိုသည်။
လူမှုကွန်ရက်ပေါ်တွင် Charlie Kirk သေဆုံးသည့်သတင်းအပေါ် ဝမ်းသာနေကြသည့် ပို့စ်များကို ထောက်ပြကာ ယင်းမှာ အမေရိကန်ကွန်ဆာဗေးတစ်ဝါဒီများ ပိုမိုပစ်မှတ်ထားခံလာရသည့် သက်သေပင် ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
“စကားရည်လုပွဲမှာ သူ့(Charlie Kirk)ကို သူတို့ မနိုင်ဘူး။ ဒါကြောင့် သူ့ကို သူတို့ လုပ်ကြံသတ်ဖြတ်ပစ်လိုက်တာ” ဟု နာမည်ကြီး ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ Isabella Maria DeLuca က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
ကွန်ဆာဗေးတစ် မျိုးဆက်သစ်တစ်ခုကို စည်းရုံးလှုံ့ဆော်နိုင်သည့် Charlie Kirk ၏ စွမ်းရည်က လက်ဝဲအတွေးအခေါ်နှင့် ပါဝါအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု ထရမ့်အား ထောက်ခံသူအဖြစ် နာမည်ကြီးသည့် ရီပတ်ဘလင်ကန်ရှေ့နေတစ်ဦးဖြစ်သူ Mike Davis က အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။
Charlie Kirk ပစ်သတ်ခံရပြီးနောက် ၂၄ နာရီအတွင်း တက်လာသည့် လူမှုကွန်ရက်ပေါ်မှ ပို့စ်ပေါင်း ၃၀၀၀ ကျော်ကို လေ့လာခဲ့သည့် ကွန်ပျူတာသိပ္ပံပါမောက္ခ Jen Golbeck က ယင်းလုပ်ကြံမှုအပေါ် ထရမ့်အား ထောက်ခံသူများက လိုရာစွဲပုံဖော်ပြောဆိုနေကြသည်ဟု ထောက်ပြသည်။
ထရမ့်အား ထောက်ခံသူများအကြား ပူဆွေးမှုနှင့် နာကျည်းဒေါသ ရောထွေးနေသည့် ခံစားချက်များကိုလည်း တွေ့ရကြောင်း ၎င်းက ပြောသည်။
ထရမ့်အား ထောက်ခံသူ လက်ယာစွန်းဝါဒီများ စုဝေးရာ အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Patriots.Win ပလက်ဖောင်းပေါ်တွင် ၎င်းလုပ်ကြံခံရမှုနှင့် ပတ်သက်၍ တုံ့ပြန်လက်စားချေရန် လှုံ့ဆော်မှုများ မြင့်တက်လာနေသည်။
“ဒီမိုကရက်ပါတီတစ်ခုလုံးကို ကြိုးစင်တင်ဖို့ လိုနေပြီ” ဟု အဆိုပါ ပလက်ဖောင်းပေါ်တွင် အမည်မသိ သုံးစွဲသူတစ်ယောက်က ရေးသားထားကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
Charlie Kirk လုပ်ကြံခံရမှုကို ဂျာမနီတွင် နာဇီအုပ်ချုပ်မှုကို စတင်စေခဲ့သည့် ၁၉၃၃ ခုနှစ် ဂျာမန်လွှတ်တော်မီးရှို့ခံရမှုကို ရည်ညွှန်းခိုင်းနှိုင်းကာ “ ဒါဟာ Reichstag Fire ပဲ” ဟု နောက်ထပ်သုံးစွဲသူတစ်ယောက် ရေးသားထားသည်။
“ဒီမိုကရေစီကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ” ဟု ရေးသားလှုံ့ဆော်မှုများလည်း ရှိနေသည်။
Charlie Kirk ပစ်သတ်ခံရမှုသည် ထိန်းမနိုင်သိမ်းမရ အခြေအနေကို ရောက်သွားစေပြီး ၊ အမေရိကန်နိုင်ငံသည် နိုင်ငံရေးအကွဲအပြဲနှင့် ပြည်တွင်းစစ်အကြား ကြိုးတန်းပေါ် လမ်းလျှောက်နေရပြီဖြစ်ကြောင်း ရေးသားပြောဆိုမှုများလည်း တွေ့ရသည်။
အကြမ်းဖက်မှုများ နောက်ထပ်ပေါ်မလာစေရန် အဆိုပါ ပလက်ဖောင်းပေါ်တွင် ထိန်းထိန်းသိမ်းသိမ်း ရေးသားပြောဆိုကြရန် တိုက်တွန်းသူအချို့ကိုလည်း တွေ့ရကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
Source: Reuters







