သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်က ပြင်းဖြူကြီးရွာအပါအဝင် ကျေးရွာသုံးရွာတွင် ညဘက် သွားလာခွင့်မပြုဟု ရပ်မိရပ်ဖများက တားမြစ်ချက်ထုတ်ထားကြောင်း ဒေသခံအချို့က ပြောသည်။
ည ၈ နာရီမှ မနက် ၅ နာရီအတွင်း ဆိုင်ကယ်ဖြင့်သွားလာခြင်း လုံးဝ လုံးဝ မပြုရဟု စာဖြင့် သတိပေးချက်ကို ဓာတ်တိုင်တွင် ချိတ်ဆွဲကာ တားမြစ်ထားကြောင်း ပြင်းဖြူကြီးရွာက ဒေသခံအချို့က ဆိုသည်။
တားမြစ်ထားသည့်အချိန်တွင် သွားလာပါက မိမိတာဝန်သာဖြစ်သည်ဟု သတိပေးတားမြစ်ချက်တွင် ရေးသားထားသည်ကို တွေ့ရသည်။ သို့သော် အရေးပေါ်ကျန်းမာရေးကြောင့် သွားလာလိုလျှင် ဆက်သွယ်ရန် ရပ်မိရပ်ဖများ၏ ဖုန်းနံပါတ်ဖြင့်တကွ ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
ယင်းသို့ သတိပေးတားမြစ်ချက် ထုတ်ပြန်ထားသည်မှာ နှစ်ရက်ခန့်သာရှိသေးပြီး မည်သည့်အတွက်ကြောင့် ညမထွက်ရ အမိန့်ထုတ်သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိကြောင်း ပြင်းဖြူကြီးရွာ ဒေသခံအချို့က ပြောဆိုသည်။
“ရေတက် ရေကျချိန်မှာ ကဏန်းရှာ၊ ငါးဖမ်းပိုက်ထောင် မြုံးထောင်သူတွေအတွက်တော့ အခက်အခဲဖြစ်သွားမှာပေါ့။ နဂိုကတည်းက ကျပ်တည်းပါတယ်ဆိုတဲ့ထဲမှာ ပိုပြီးကျပ်တည်းလာဖို့ပဲရှိမယ်” ဟု ပြင်းဖြူကြီးရွာမှ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
ယင်းအပြင် ကျေးရွာအတွင်းက အရက်ဆိုင်၊ ဈေးဆိုင်၊ မုန့်ဆိုင်များကိုလည်း ည ၇ နာရီခန့်အထိသာ ဖွင့်လှစ်ခွင့်ပြုထား ကြောင်း ဒေသခံအမျိုးသမီး အခြားတစ်ဦးက ဆိုသည်။
ညဘက်သွားလာခွင့် တားမြစ်မှုနှင့်ပတ်သက်၍ ပြင်းဖြူကြီးရွာ ရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ မူးယစ်ဆေးသုံးသည့် လူငယ်များရှိလာပြီး ညဘက်တွင် ခိုးဆိုးလုနှိုက်များ ရှိလာခြင်းကြောင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖြေကြားသည်။
“(မူးယစ်ဆေး) ဆေးသုံးပြီး အိမ်တွေမှာ လိုက်ခိုးတယ်။ (အဲဒီလိုဖြစ်နေတာကို) ကျွန်တော်တို့က ကြိုပြီးတော့ ကာကွယ်ပေးထားတာလောက်ပဲ” ဟု အထက်ပါ ရပ်မိရပ်ဖအဖွဲ့ဝင်က ပြောဆိုသည်။
ယင်းသို့ စာထုတ်ရာတွင် ချောက်ချောင်း၊ ပိတိုင်ရွာများလည်းပါသည်ဟု ၎င်းက ဆိုသည်။
ပိတိုင်ရွာတွင်လည်း ညဘက်သွားလာခွင့် တားမြစ်ချက် ထုတ်ထားသဖြင့် နံနက် ၃ နာရီခွဲ သရက်ချောင်းမြို့ သို့ ဈေးထွက်ရောင်းရန် အခက်တွေ့နေကြောင်း ပိတိုင်ရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုဆို ဈေးရောင်းသမား (စျေးရောင်းသူ) တွေ အခက်အခဲဖြစ်ကုန်မှာပေါ့” ဟု ၎င်းက ဆိုသည်။
ရပ်မိရပ်ဖအဖွဲ့ကို KNU နှင့် NUG ပူးပေါင်းအုပ်ချုပ်ရေးပုံစံဖြင့် ပြီးခဲ့သည့်နှစ်လခန့်ကတည်းက ကျေးရွာများတွင် ရွေးချယ် ခန့်အပ်ဖွဲ့စည်းထားကြောင်း ရပ်မိရပ်ဖအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။
ယင်းကြောင့် ညဘက်သွားလာခွင့် တားမြစ်အမိန့်မှာ ကျေးရွာရပ်မိရပ်ဖများက ဒေသန္တရအမိန့် ပုံစံ ထုတ်ပြန်ထားခြင်း ဖြစ်နိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်နှင့် KNU တပ်မဟာ (၄) KNLA တပ်ရင်း (၁၂) ၊ တပ်ခွဲ (၁) က တာဝန်ရှိသူတစ်ဦးတို့က ပြောဆိုသည်။