လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေအိမ်များကိုဖောက်ထွင်းပြီး ရွှေထည်၊ ငွေသားအချို့နှင့် လက်ကိုင်ဖုန်းများ ခိုးယူခဲ့သည်ဆိုသူ ယောင်္ကျားလေးနှစ်ဦးနှင့် ခိုးရာပါပစ္စည်းလက်ခံထားသည်ဆိုသူ မိန်းကလေးတစ်ဦးတို့ကို ဖမ်းဆီးထား ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။
သြဂုတ်လ ၁၀ ရက်တွင် နေအိမ်ဖောက်ထွင်းပြီး ခိုးယူခံရကြောင်း ပိုင်ရှင်ဖြစ်သူများက တိုင်ကြားလာသည့်အတွက် ရပ်ကျေး ပအဖ၊ ပလဖ အဖွဲ့ဝင်များနှင့် ပူးပေါင်းစုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါကျေးရွာရှိ နေအိမ်လေးဆောင်ကို ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ဖောက်ထွင်းခိုးယူခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပလဖ တာဝန်ခံ ကိုရသက ပြောသည်။
“အဲဒီနေ့က ရွာမှာအလှူရှိနေတော့ လူတွေလည်း အလှူကိုသွားကြတာ။ သူတို့က ဘယ်အိမ်တွေက ဘယ်လို အခြေအနေရှိလဲ ဆိုတာ သြဂုတ် ၇ရက်လောက်ကတည်းက သေချာလိုက်ကြည့်ထားပြီးသား။ အဲဒါတွေ သူတို့အားလုံးထွက်ဆိုတယ်” ဟု ၎င်းက ပြောဆိုသည်။
နေအိမ်ဖောက်ထွင်း ခိုးယူသူဆိုသည့် ယောင်္ကျားလေးနှစ်ဦးမှာ အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ်ရှိကြပြီး ခိုးရာပါ ပစ္စည်း လက်ခံပေးသူဆိုသည့် မိန်းကလေးမှာ အသက် ၁၄ နှစ်သာ ရှိသေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ယောက်ျားလေးနှစ်ဦးကို ဖမ်းဆီးထားဆဲဖြစ်ပြီး မိန်းကလေးကိုမူ အာမခံဖြင့် ပြန်လွှတ်ပေးရန် စီစဥ်နေကြောင်း လောင်းလုံး ပလဖထံမှ သိရသည်။
ခိုးရာပါပစ္စည်းများအနေဖြင့် ငွေကျပ် ငါးသောင်းဝန်းကျင်၊ ရွှေထည်အချို့နှင့် ဖုန်းတစ်လုံးပါဝင်ကြောင်း ကိုရသက ဆိုသည်။
“မိန်းကလေးက လက်စွပ်တစ်ကွင်း ထားဝယ်မှာ တက်ရောင်းပြီး ဆင်းလာမှ ဖမ်းမိတာ။ (ငွေကျပ်) ၃၁ သိန်း ရတယ် ပြောတယ်။ အဲဒါရောင်းပြီး ဖုန်းတစ်လုံးနဲ့ အဝတ်အစားတွေ ဝယ်လာတာ။ ကျန်တဲ့ သိန်းနှစ်ဆယ်လောက်ကိုမှ ကျွန်တော်တို့ သိမ်းဆည်းရမိတာ” ဟု ၎င်းက ပြောသည်။
ခိုးရာပါပစ္စည်းများကို ပိုင်ရှင်ဖြစ်သူများထံ ယနေ့ ဩဂုတ်လ ၁၂ရက်တွင် လွှဲပြောင်းပေးနိုင်ရန် စီစဥ်ထားကြောင်း ကိုရသက ပြောဆိုသည်။
နေအိမ်ဖောက်ထွင်းမှုကြောင့် ဆယ်ကျော်သက်သုံးဦး ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း အဖမ်းခံရသူသုံးဦးအနက် နှစ်ဦးနှင့် ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“စွပ်စွဲခံရတာမျိုး မဟုတ်ဘူး။ တကယ်ဖြစ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။
အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခံရသူများ၏ မိဘအုပ်ထိန်းသူများကို ဆက်သွယ်မေးမြန်းနိုင်ရန် Dawei Watch ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
အမှုကို လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အဓိက တာဝန်ယူသည့် မြို့နယ်အဆင့် မှုခင်းခုံအဖွဲ့က ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း လောင်းလုံး ပလဖ ထံမှ သိရသည်။
“အရေးယူမှုအပိုင်းကတော့ ရှိလိမ့်မယ်။ ဒါပေမဲ့ အသက် (၁၈နှစ်) မပြည့်သေးတော့ ကျွန်တော်တို့ ထည့်သွင်း စဥ်းစားရမှာတွေလည်း ရှိမှာပေါ့” ဟု လောင်းလုံးမြို့နယ် ပလဖ တာဝန်ခံ ကိုရသက ပြောသည်။
လောင်းလုံး ပအဖ တာဝန်ရှိသူတစ်ဦးကမူ အဆိုပါ အမှုတွဲကို လက်ခံရရှိထားပြီးဖြစ်သော်လည်း အသေးစိတ်အခြေအနေများကို ဖြေဆိုရန် အဆင်သင့်မဖြစ်သေးကြောင်း ဆိုသည်။
“အစည်းအဝေးလုပ်ရဦးမှာဆိုတော့ အသေးစိတ်ဖြေလို့မရသေးဘူးဖြစ်နေတယ်။ ပအဖဆီ အမှုတွဲတော့ရောက်လာပြီ” ဟု ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်ကလည်း လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဆိုင်ကယ် ခိုးယူခံရသည့် ဖြစ်စဉ်တွင် ခိုးယူသူများကို လောင်းလုံး ပလဖက ဖမ်းဆီးခဲ့သည်။