ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် ဖမ်းဆီးမှုကြောင့် ကျွန်းစုရှိ ကျေးရွာအချို့တွင် ဆန်၊ ဆီနှင့် စက်သုံးဆီ ပြတ်လပ်စပြု

August 12, 2025

ပုံစာ - မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်အတွင်း ပြေးဆွဲနေသည့် အမြန်ရေယာဉ်တစ်စီးကိုတွေ့ရစဉ်။(ပုံဟောင်း)

ကျွန်းစုမြို့နယ်အတွင်းရှိ မဲတောကျေးရွာအုပ်စုနှင့် ကော်ဇယာကျေးရွာအုပ်စုတို့တွင် စစ်အာဏာရှင်တပ်က ဆန်၊ ဆီနှင့် စက်သုံးဆီတင်သွင်းခွင့်ပိတ်ထားပြီး စစ်ဆေးဖမ်းဆီးမှုကြောင့် ပြတ်လပ်စပြုနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လဆန်းပိုင်းကစပြီး မြိတ်နှင့် ဘုတ်ပြင်းမြို့များမှ အဆိုပါဒေသကိုပြေးဆွဲနေသည့် အမြန်ရေယာဉ်‌နှင့် စက်လှေများ အပေါ် ဆန်၊ ဆီနှင့် စက်သုံးဆီ တင်ဆောင်လာခြင်း ရှိ မရှိကို စစ်အာဏာရှင်တပ်၏ စစ်သင်္ဘောများက တင်းတင်း ကျပ်ကျပ် စစ်ဆေးနေကြောင်း ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် စစ်သင်္ဘောများလှည့်ပတ်သွားလာနေပြီး ခရီးသည်တင် စက်လှေကြီးများနှင့် အမြန်ယာဉ်ရေယာဉ်များကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ တင်သွင်းခွင့်ပိတ်ထားသည့်အတွက် အထက်ပါကျေးရွာအုပ်စုများတွင် ဆန်၊ ဆီနှင့် စက်သုံးဆီ ပြတ်လပ်နေပြီး ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“(ရွာမှာ ဆန်ဝယ်လို့မရတာ) တစ်ပတ်လောက်ရှိပြီ။ ဈေးတွေတော့ မတက်ဘူး။ ဝယ်လို့ကို မရှိတာ။ တချို့ကလည်းအရင်က (ဆန်) အိတ်လိုက် ဝယ်ထားကြတာတွေနဲ့ စားနေကြတယ်” ဟု ကော်ဇယားအုပ်စုနေ ဒေသခံအခြားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာအုပ်စု နှစ်ခုအပါအဝင် ယင်းဒေသဝန်းကျင်တွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ ၂၀၂၃ခုနှစ်မှ ယခု ၂၀၂၅ ခုနှစ်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။

ယခုနှစ် ဇူလိုင်လကလည်း မဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၊ တနင်္သာရီ မြို့နယ် ပကဖဇုန် ၆ နှင့် ဒေါင်းနက်အဖွဲ့တို့က ပစ်ခတ်ရှင်းလင်းပြီး မူးယစ်ဆေးရောင်းချနေသူများကိုပါ ဖမ်းဆီးခဲ့ဖူးသည်။

“အခုနောက်ပိုင်း တအား (အရမ်း) စစ်တယ်။ သူတို့ (စကစ) စစ်ဆေးလို့ ဆန်တွေ့ရင် နည်းနည်းများများ အကုန်သိမ်းတယ်။ ကော်ဇယား‌အုပ်စုက ဒေသခံတွေဆို ပိုစစ်တယ်” ဟု အဆိုပါဒေသခံက ပြောဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကော်ဇယာကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၁၅၀၀ ကျော်နှင့် လူဦးရေ ၈၀၀၀ ကျော်ရှိပြီး မဲတောကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၂၂၀၀ ကျော်နှင့် လူဦးရေ ၁၂၀၀၀ ကျော်ရှိသည်။

ကျွန်းစုပင်လယ်ပြင်တွင် စစ်အာဏာရှင်တပ် စစ်သင်္ဘောများ မကြာခဏပြောင်း‌ရွှေ့ခြင်း၊ ကျေးရွာများကို လှည့်ပတ် ကင်းလှည့်ခြင်းများပြုလုပ်နေကြောင်း ကျွန်းစု ပကဖက ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။