BREAKING
October 19, 2025

ထိုင်ဝမ် စစ်ဖြစ်လျှင် ဖိလစ်ပိုင်လည်း မလွဲမသွေ ပါဝင်ရမည်ဟု သမ္မတပြော

August 12, 2025

ပုံစာ - ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ ဓာတ်ပုံ - Associated Press

ထိုင်ဝမ် စစ်ပွဲ ပေါ်ပေါက်လာလျှင် ဖိလစ်ပိုင်သည်လည်း စစ်ပွဲထဲ မလွဲမသွေ ပါဝင်ရလိမ့်မည်ဟု သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖိလစ်ပိုင်သည် ထိုင်ဝမ်ကျွန်းနှင့် နီးကပ်စွာတည်ရှိနေပြီး ဖိလစ်ပိုင်အလုပ်သမား အများအပြားမှာ ထိုင်ဝမ်ကျွန်းတွင် အလုပ်လုပ်ကိုင်နေသောကြောင့် ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောသည်။

အဆိုပါ မှတ်ချက်ပေးပြောဆိုမှုမျိုးကို တရုတ်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်သော်လည်း ဖိလစ်ပိုင်သမ္မတက ဩဂုတ်လ ၁၁ ရက် တနင်္လာနေ့တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တနင်္လာနေ့က တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေသည့် Scarborough Shoal ကျွန်းများအနီးတွင် ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ကမ်းခြေစောင့်တပ်ကာ ပိတ်ဆို့မောင်းထုတ်ခဲ့သည်။

ယင်းနောက် သမ္မတမားကို့စ်က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်၊ ရေတပ်နှင့် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်၏ ပိုင်နက်ကို ကာကွယ်နေသည့် အခြားသော ဖိလစ်ပိုင်သင်္ဘောများသည် အငြင်းပွားရေပိုင်နက်အတွင်း အလျှော့ပေး အညံ့မခံဘဲ ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းမှာ ကမ္ဘာ့အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် တောင်တရုတ်ပင်လယ်အတွင်း ကာလရှည်ကြာ ပေါ်ပေါက်နေသည့် ရေပိုင်နက်အငြင်းပွားမှုအတွင်း ယခုနောက်ဆုံး ထွက်ပေါ်လာသည့် ဖြစ်ရပ်ဖြစ်သည်။

တရုတ်နှင့် ဖိလစ်ပိုင်အကြား တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုပြဿနာမှာ မကြာသေးခင် နှစ်များအတွင်း ပိုမိုဆိုးရွားလာခဲ့သည်။

တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအချို့ကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ဗီယက်နမ် ၊ မလေးရှား ၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့ကလည်း ပြောဆိုလျက်ရှိသည်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် မားကို့စ်က ဖိလစ်ပိုင်သမ္မတဖြစ်လာပြီးနောက်တွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား ဆက်ဆံရေးမှာ တင်းမာဆိုးရွားလာသည်။

မားကို့စ်ဦးဆောင်သည့် ဖိလစ်ပိုင်အစိုးရသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ကျူးကျော်ရန်စသည့် လုပ်ရပ် များနှင့် ပတ်သက်၍ အကျယ်လောင်ဆုံး ဝေဖန်ပြောဆိုသည့် အာရှအစိုးရများအနက် တစ်ခု အပါအဝင် ဖြစ်လာခဲ့သည်။

တရုတ်အစိုးရ၏ ကျူးကျော်ရန်စမှုများကို ဟန့်တားရန် မားကို့စ်အစိုးရသည် အမေရိကန်နိုင်ငံနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်လာခဲ့သည်။

ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့နှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုမြှင့်တင် လုပ်ဆောင်လာခဲ့သည်။

Source: Associated Press