မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇူလိုင် ၆ ရက်မှ ၁၂ ရက်အထိ
စစ်ရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ အစုလိုက်အပြုံလိုက်သေဆုံး

စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာမှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ်သုံးဦးအပါအဝင် အရပ်သား ၂၂ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
စစ်ဘေးရှောင် အယောက် ၂၀၀ လောက် ခိုလှုံနေတဲ့ မဟာသစ္စာဝါဒီကျောင်းကို ဇူလိုင်လ ၁၁ ရက် မနက်စောစော လူတွေ အိပ်ပျော်နေချိန်မှာ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး သေဆုံးသူတွေအပြင် ဒဏ်ရာရသူလည်း ၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ဝါဆိုလပြည့်နေ့ဖြစ်တဲ့ ဇူလိုင်လ ၉ရက်ကလည်း ကရင်နီ မော်ချီးဒေသ၊ မကွေးတိုင်း မြိုင်မြို့နယ်၊ မန္တလေးတိုင်း မိုးကုတ် မြို့နယ်တွေမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၁၀ ဦးနီးပါး သေဆုံးပြီး ၂၀ နီးပါးဒဏ်ရာရပါတယ်။ ဒါ့အပြင် အခုသီတင်းပတ်အတွင်း စစ်ကိုင်း၊ ရှမ်းမြောက်၊ ပဲခူး စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဗုံးကြဲမှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ ဖြစ်စဉ်တွေ မကြာခဏ ရှိပါတယ်။ ပြီးခဲ့တဲ့မေလကလည်း စစ်ကိုင်းတိုင်းထဲက အိုးတိန်တွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရလို ကျောင်းသား၊ ကျောင်းသူ အများစုအပါအဝင် အရပ်သား ၂၄ဦးသေဆုံးပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ထဲမှာ ၂၀၂၃ ခုနှစ်က လူ ၁၇၀ကျော်သေဆုံးတဲ့ စစ်ကိုင်းတိုင်း ပဇီကြီးရွာ ဖြစ်ရပ်ကတော့ လူသေမှု အများဆုံးဖြစ်ပါတယ်။
……………………………………..
မြန်မာ့အရေးမှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်-အာဆီယံ

မြန်မာ့အရေးကို ဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူးလို့ အာဆီယံက သဘောတူလိုက်ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ အာဆီယံအဖွဲ့ သဘောတူညီချက်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၁၁ရက်မှာ ပြောဆိုတာဖြစ်ပါတယ်။
မြန်မာ့အရေးမှာ ဦးစားပေးရမယ့်အရာက သက်ဆိုင်သူအားလုံးအတူတကွထိုင်ဆွေးနွေးပြီး အကြမ်းဖက်မှုတွေကို အဆုံးသတ် နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်စိတ်တစ်ပိုင်းရွေးကောက်ပွဲလုပ်တာဟာ ပြဿနာကို ပြေလည်စေမှာမဟုတ်တဲ့အပြင် အခြေအနေကို ပိုတောင်ဆိုးသွားဦးမယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာစစ်ကောင်စီ အနေနဲ့ သူတို့ကိုယ်တိုင် သဘောတူထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်တွေကို လိုက်နာဖို့လည်း အာဆီယံက တိုက်တွန်းခဲ့ပါတယ်။
……………………………………..
မြန်မာပို့ကုန်တွေကို အမေရိကန် အခွန် ၄၀ရာခိုင်နှုန်းကောက်မယ်

မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်းကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ ဇူလိုင်လ ၇ရက်က စာပေးပို့ အသိပေးထားပါတယ်။
ကုန်သွယ်ဖက်နိုင်ငံတွေဆီကနေ အခွန် ၁၀ ရာခိုင်နှုန်းလောက်ပဲ ကောက်ခံရာကနေ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံ ၁၂နိုင်ငံကို အခွန်နှုန်းထားတွေ ပြောင်းလဲလိုက်တာပါ။ အဲဒီထဲမှာ မြန်မာနိုင်ငံက ၄၀ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး ကောက်ခံ ခံရမယ့် နိုင်ငံတွေထဲ ပါဝင်နေတာပါ။ အခွန်နှုန်းထားသစ်ဟာ ဩဂုတ်လမှာ စတင်မှာဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကတော့ အမေရိကန်ရဲ့ စည်းကြပ်ခွန်ကို ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိပဲ သတ်မှတ်ပေးဖို့ စာပေးပို့ တောင်းဆိုထားပြီး လိုအပ်ရင် မြန်မာနိုင်ငံက ကိုယ်စားလှယ်တစ်ဖွဲ့ကိုလည်း အမေရိကကို အမြန်ဆုံးစေလွှတ်ပြီး တွေ့ဆုံညှိနှိုင်းလိုတယ်လို့ တောာင်းဆိုထားတာတွေ့ရပါတယ်။
အခွန်နှုန်းထားသစ်နဲ့ စတင်ကောက်ခံရင် အထည်ချုပ်အပါအဝင် လက်ခစား (CMP) လုပ်ငန်းတွေ ကုန်ပစ္စည်းအော်ဒါတွေ ကျဆင်းပြီး လုပ်ငန်းထိခိုက်နစ်နာမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားကြပါတယ်။ စစ်ကောင်စီရဲ့ စာရင်းအရ လက်ခစား (CMP) လုပ်ငန်းတွေကနေ ပြည်ပကို တင်ပို့တာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရရှိတယ်လို့ သိရပါတယ်။
……………………………………..
ချင်း တော်လှန်ရေးတပ်တွေအချင်းချင်း တိုက်ပွဲဖြစ်

ချင်းပြည်နယ်မှာ ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံထောင်နဲ့ချီ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။
ချင်းကာကွယ်ရေးတပ် CDF (Hulngoram-ဟွာရ်ငိုးရမ်) က သိမ်းယူထိန်းချုပ်ထားတဲ့ အိန္ဒိယနယ်စပ်မှာရှိတဲ့ ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF) က ဇူလိုင်လ ၅ရက်မှာ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ နယ်မြေအငြင်းပွား မှုကြောင့် တိုက်ပွဲတွေဖြစ်ရာကနေ မြို့သိမ်းတဲ့အထိ ဖြစ်လာတာပါ။ ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF တို့က ၂၀၂၃ ခုနှစ်မှာ သိမ်းယူထားတာဖြစ်ပါတယ်။
CNDF ကတော့ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပါတယ်။ ရိခေါဒါရ်မြို့ကို CNDF သိမ်းယူလိုက်ပြီး နောက်တစ်ရက်မှာပဲ CNA ဟာ ဖလမ်းမြို့မှာရှိတဲ့ CNDF ဌာနချုပ်ကို တိုက်ခိုက်သိမ်းယူပြန်ပါတယ်။
ချင်းလက်နက်ကိုင် အချင်းချင်းကြား ပဋိပက္ခကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ဇူလိုင်လ ၆ရက်မှာ ကြားဝင် ညှိနှိုင်းခဲ့ ပေမယ့် အဲဒီနေ့မှာ CNA က CNDF ဌာနချုပ်ကို တိုက်ခိုက်တာကြောင့် ဆွေးနွေးပွဲ ပျက်သွားတယ်လို့ ပြည်တွင်း သတင်းတချို့မှာ ဖော်ပြပါတယ်။
အဲဒီနောက် ဇူလိုင်လ ၁၁ ရက်မှာတော့ ရိခေါဒါရ်မြို့ကနေ CNDF ပြန်လည် ဆုတ်ခွာသွားပြီး မြို့ကို CDF က ပြန်လည် ထိန်းချုပ်ခဲ့သလို CNDF ဌာနချုပ်မှာလည်း တိုက်ပွဲတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ ချင်လက်နက်ကိုင်တပ်တွေကြား မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။
ချင်းတော်လှန်ရေးအင်အားစုတွေကြား သဘောထားကွဲလွဲမှု၊ အထင်အမြင်လွဲမှားမှုတွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းတာ ကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော် ကိုယ်စားလှယ်တွေက တောင်းဆို ထားကြပါတယ်။ ချင်းပြည်နယ်မှာ နေရာအများစုကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူထိန်းချုပ်ထားပေမယ့် နယ်မြေ အငြင်းပွားမှုတွေကြောင့် ချင်းတော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားထဲမှာ ပွတ်တိုက်မှုတွေ၊ စစ်ရေးပဋိပက္ခတွေလည်း မြင့်တက်လာ ပါတယ်။
……………………………………..
ရွှေညဝါဆရာတော် ပျံလွန်တော်မူ၊ စာရေးဆရာမောင်သာချို ကွယ်လွန်

စစ်အာဏာသိမ်းပြီးနောက် တစ်ရက်တည်း ထောင်သွင်းအကျဉ်းချခံရသလို တစ်ရက်တည်း ပြန်လည်လွတ်မြောက်လာကြတဲ့ ရွှေညဝါဆရာတော်အရှင်ပညာသီဟနဲ့ စာရေးဆရာမောင်သာချိုတို့ဟာ ဇူလိုင်လ ၁၀ ရက် တစ်ရက်တည်းမှာပဲ ပျံလွန်၊ ကွယ်လွန်သွားကြပါတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာပဲ စစ်ကောင်စီက ရွှေညဝါဆရာတော်နဲ့ စာရေးဆရာမောင်သာချို တို့ကို ဖမ်းဆီးပြီး နောက်ပိုင်းမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ ထောင် ၂နှစ်ချမှတ်ပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ရက် အမျိုးသားနေ့မှာ လွတ်ငြိမ်းခွင့်နဲ့ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်ကြပါတယ်။
သက်တော် ၆၀၊ ဝါတော် ၄၀ရှိပြီဖြစ်တဲ့ ရွှေညဝါဆရာတော်ဟာ ထောင်ထဲမှာ ခံစားခဲ့ရတဲ့ အသည်းရောဂါနဲ့ပျံလွန်တော်မူ ပါတယ်။ အသက် ၆၈နှစ်အရွယ် စာရေးဆရာမောင်သာချို (ခေါ်) ဦးညွန့်သောင်းကတော့ ကင်ဆာရောဂါနဲ့ကွယ်လွန်တာပါ။
ရွှေညဝါဆရာတော်ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် အကျဉ်းချခံရသလို စစ်အစိုးရ အဆက်ဆက် ဝေဖန်မှုတွေကြောင့်လည်း တရားဟောခွင့် ပိတ်ပင်ခံရပါတယ်။ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် မြို့နယ်၊ သာဓုပရိယတတ္တိစာသင်တိုက် ကျောင်းထိုင်နာယက တာဝန်ယူချိန် စစ်အစိုးရလက်ထက်တွေမှာ နိုင်ငံရေး အခမ်းအနား ကိုတွေကို ကျောင်းတိုက်မှာ ကျင်းပခွင့်ပြုခဲ့သလို ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ပြီး ဗုဒ္ဓစာပေကို ခေတ်နဲ့အညီ သင်ကြားပို့ချခဲ့တာကြောင့်လည်း ထင်ရှားပါတယ်။
ထင်ရှားတဲ့ စာရေးဆရာတစ်ဦးဖြစ်တဲ့ မောင်သာချိုဟာ မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်သလို ဆောင်းပါး ရေးသားမှုကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံရသူဖြစ်ပါတယ်။
……………………………………..