BREAKING
October 20, 2025

မြိတ်တွင် ကျောင်းဆရာနှင့် တည်းခိုခန်းမန်နေဂျာ သတ်ဖြတ်ခံရမှုဖြစ်ရပ်နှစ်ခုတွင် ကျူးလွန်သူ တူညီဟုဆို

July 12, 2025

ပုံစာ - မြိတ်မြို့မရဲစခန်း (ပုံဟောင်း)။

မြိတ်မြို့တွင် လုယက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသည့် ပုဂ္ဂလိက ကျောင်းဆရာနှင့် တည်းခိုးခန်း မန်နေဂျာ ဖြစ်ရပ်နှစ်ခုစလုံးကို ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူငယ်နှစ်ဦးကို ဖမ်းမိထားကြောင်း မြို့ခံများထံမှ သိရသည်။

ဇူလိုင်လ ၇ရက်က ဆိုင်ကယ်နှင့် ဖုန်းကို လုယက်ပြီး ဓားဖြင့်ထိုးသဖြင့် ပုဂ္ဂလိက ကျောင်းဆရာဖြစ်သည့် ကိုသီဟဝင်း သေဆုံးခဲ့ပြီး ဆိုင်ကယ်ကို ပြန်လည်ရောင်းချရာမှ သံသယရှိသည့် အသက် ၁၉နှစ်အရွယ် မြိတ်မြို့ခံ လူငယ်အမျိုးသား နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ လူငယ်နှစ်ဦး၏ ရဲစခန်းတွင် ဝန်ခံထွက်ဆိုချက်အရ ဇွန်လ ၂၇ ရက်ညက မြိတ်မြို့ ၊ လှသီရိ ၂ တည်းခိုခန်းတွင် မန်နေဂျာဖြစ်သူ ကိုမြတ်ထွေးကိုလည်း လုယက်သတ်ဖြတ်ခဲ့သူများဖြစ်သည်ဟု ပေါ်ပေါက်ကြောင်း ကိုမြတ်ထွေး၏ ဆွေမျိုးနီးစပ်သူတစ်ဦးက ဆိုသည်။

“ရဲစခန်းကတော့ အမှုဖွင့်ထားလို့ ဆက်သွယ်လာတယ်။ အဲဒီ အမှုနှစ်ခုမှာ လုပ်တဲ့သူတွေက အတူတူဖြစ်တယ်လို့ ဝန်ခံထား တယ်။ အသတ်ခံရတဲ့နေ့က ယူသွားတဲ့ လက်ဝတ်ရတနာတွေတော့ မရတော့ဘူး။ ဆိုင်ကယ်ကတော့ ရဲစခန်းမှာ သက်သေခံ ပစ္စည်းအနေနဲ့ သိမ်းထားတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုသီဟဝင်းနှင့် ကိုမြတ်ထွေး တို့နှစ်ဦးစလုံးသည် ဆိုင်ကယ်အပါအဝင် တန်ဖိုးရှိ ပစ္စည်းများ လုယက်ခံရကာ ဓားဖြင့် ထိုးသတ်ခံရပြီး သေဆုံးကြောင်း ကျန်ရစ်သူမိသားစုနှင့် မြိုခံများထံမှ သိရသည်။

ဖမ်းမိထားသော အသက် ၁၉ နှစ်အရွယ် လူငယ်နှစ်ဦးကို အမှုတစ်ခုစီအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် မြိတ်မြို့ရဲစခန်းတွင်အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှသိရသည် ။

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းများ အခြေစိုက်ထားသည့် မြိတ်မြို့ပေါ်တွင် နေအိမ် ၊ ဈေးဆိုင် ဖောက်ထွင်းမှုများနှင့် လုယက်မှုများ မကြာခဏဖြစ်ပွားနေသည်။