BREAKING
October 20, 2025

လက်နက်ကြီးပစ်ခတ်နေသောကြောင့် ကလိန်အောင်က ဥယျာဉ်ခြံသမားများ ခြံထဲမသွားရဲ

July 12, 2025

ပုံစာ - ကလိန်အောင်မြို့အနီး ရော်ဘာခြံတစ်ခြံ (ပုံဟောင်း) ။ Photo - MOI

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး၊ ရေး-ထားဝယ် ကားလမ်းနံဘေးရှိသည့် ကျေးရွာအချို့က ဥယျာဉ်ခြံ လုပ်ကိုင်သူများ စစ်ကောင်စီက လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသောကြောင့် ဥယျာဉ်ခြံထဲသို့ မသွားလာရဲကြကြောင်း ခြံရှင်များက ပြောသည်။

စစ်ကောင်စီတပ်သည် မရမ်းချောင်း ၊ မိုင် ၆၀ ၊ ရာဖူး နှင့် ကော့လှိုင် ရွာများဘက်သို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။

“လက်နက်ကြီးက အမြဲပစ်နေတော့ အလုပ်သမားတွေ မနေရဲဘူးလေ။ အကုန်ပြန်ကုန်ကြတယ်။ ခြံရှင်တွေ တစ်ဦးစ နှစ်ဦးစ လုပ်နေတာလောက်ပဲရှိတယ်။ အခုအချိန် မိုးရာသီကတော့ ခြံရှင်း၊ မြက်ခုတ် မြေသြဇာထည့် လုပ်တဲ့အချိန်ပေါ့။ အလုပ်သမားလည်း ခေါ်ရခက်တယ်။ သွားလုပ်ရဲတဲ့သူ နည်းတော့ ရှိတဲ့သူကိုပဲ စောင့်နေရတယ်” ဟု မရမ်းချောင်းရွာက ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။

အလုပ်သမားခေါ်ယူရ ခက်ခဲသည့်အပြင် ခြံခုတ်ခ (အလုပ်သမား နေ့စားခ) လည်း ယမန်နှစ်ထက် ယခုနှစ်တွင် ကျပ် ၃၅၀၀၀ ဖြစ်လာကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအပြင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်အချို့ ဥယျာဉ်ခြံများအတွင်း ကျန်ရှိနေသေးသဖြင့်လည်း သွားလာရ အခက်အခဲ ပိုဖြစ်ကြောင်း ကော့လှိုင်ရွာအနီးရှိ ရော်ဘာခြံတစ်ခြံတွင် အလုပ်လုပ်သူတစ်ဦးက ဆိုသည်။

“လက်နက်ကြီးကျည် ကျထားတဲ့ ခြံတွေဆို လူမသွားတော့ဘူး။ အဲဒီအနား (လက်နက်ကြီးကျထားသည့် ဥယျာဉ်ခြံများ) မှာ ရှိတဲ့ လူအနည်းစုလည်း မနေတော့ဘူးဗျ။ လက်နက်ကြီးကျည်မကွဲသေးဘူးဆိုတော့ ပိုဆိုးတာပေါ့။ အခုရက်ပိုင်းဆို စစ်တပ်ကလည်း ကင်းပုန်းဝပ်ထားတော့ ပိုမသွားရဲတာပေါ့” ဟု ၎င်းက ပြောသည်။

ဥယျာဉ်ခြံအတွင်း အလုပ်လုပ်နေစဉ် စစ်ကောင်စီ စစ်ကြောင်းထိုးသည်နှင့်ကြုံပါက စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခံရသလို ရိုက်နှက်စစ်ဆေးခံရသည့် ဖြစ်စဉ်များလည်း ကြုံရလေ့ရှိကြောင်း ရော်ဘာခြံအလုပ်သမားများထံမှ သိရသည်။

ဇူလိုင်လ ၈ ရက် ညနေပိုင်းက ကလိန်အောင်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၂၈၂ တပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် မရမ်းချောင်းနှင့် ကော့လှိုင်ရွာကြားရှိ ရော်ဘာခြံတစ်ခြံတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ခြံအတွင်း နေထိုင်သည့် ကလေးငယ်များ အပါအဝင် မိသားစုဝင်လေးဦး နေရာတွင်ပင် သေဆုံးကာ မိသားစုဝင်တစ်ဦး လက်တစ်ဖက် ဆုံးရှုံးကြောင်း ဒေသခံများထံမှ သိရသည်။