တနင်္သာရီတိုင်း စစ်ကောင်စီရုံးစိုက်သည့် ထားဝယ်မြို့ပေါ်တွင် ဖောက်ထွင်းမှု၊ ခိုးမှုများဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ဇူလိုင်လ ပထမပတ်အတွင်း ထားဝယ်မြို့၊ မြို့သစ်ရပ်ကွက်နှင့် ကမ်းနားဈေးတို့တွင် ဆိုင်ကယ်ခိုးမှုနှင့် နေအိမ်ခြံဝင်းဖောက်ထွင်းမှုများ ဖြစ်ပွားကြောင့် မြို့ခံများက ပြောသည်။
မြိုသစ်ရပ်ကွက်၊ ၆ လမ်း၊ ၁၂ လမ်းသွယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ညက နေအိမ်ခြံဝင်းတစ်ခု ဖောက်ထွင်း ခံရကြောင်း ဖောက်ထွင်းခံရသည့် နေအိမ်ပိုင်ရှင်အမျိုးသမီးက ဆိုသည်။
အိမ်သားများ အိမ်မောကျချိန် ည ၁ နာရီခန့်တွင် အိမ်ရှေ့ဘက်က အသံကြား၍ အိမ်ရှင်အမျိုးသမီး ထကြည့်ရာတွင် အမျိုးသားသုံးဦးသည် ခြံဝင်းသံတံခါးအား ဖျက်ဆီးနေသဖြင့် အော်ဟစ်ကာ ပတ်ဝန်းကျင်ကို အကူအညီတောင်းရာ အဆိုပါ အမျိုးသားသုံးဦး ထွက်ပြေးသွားကြောင်း ၎င်းက ပြောဆိုသည်။
“ခြံတံခါးလည်း လုံလုံခြုံခြုံပဲဆိုတော့ ခြံထဲမှာပဲ ဆိုင်ကယ်တွေကို တာလာပတ်နဲ့ ဖုံးထားတာ။ (အခုလို လာရောက် ဖောက်ထွင်းတာ) လုပ်တာ) ပထမဆုံးကြိမ်ပဲ၊ တစ်ခါမှ မကြုံရဖူးဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ခြံတံခါးသော့ ပျက်စီးခဲ့ပြီး တံခါးအနီးတွင် အဆိုပါအမျိုးသားသုံးဦး၏ သံတူရွင်းတစ်ချောင်းနှင့် ခွတစ်ချောင်း ကျန်ရစ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“မိန်းကလေးတွေချည်းဆိုတော့ ကြောက်တာပေါ့ရှင်။ နယ်ကနေ ကလေးတွေ ကျောင်းထားဖို့အတွက် ထားဝယ်မှာ စုပြီးလာနေကြတာ”ဟု အိမ်ရှင်အမျိုးသမီးက ဆက်လက်ပြောဆိုသည်။
ထားဝယ်ခရိုင်ရှိ ရေဖြူနှင့် လောင်းလုံးမြို့နယ်တွင် ဒေသတည်မှု မရှိသောကြောင့် ဒေသခံအချို့ မှာ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီသည့် ထားဝယ်မြို့ ရှိ တိုးချဲ့မြို့သစ်ရပ်ကွက်များတွင် ရွှေ့ပြောင်းနေထိုင်ကြသည်။
ဇူလိုင်လ ပထမပတ်အတွင်း မြိုသစ်ရပ်ကွက်ရှိ ၄ လမ်းတွင် တစ်ညတည်း ဆိုင်ကယ်နှစ်စီး အခိုးခံခဲ့ရသလို ထားဝယ်မြို့ ကမ်းနားဈေးတွင်လည်း နေခင်းဘက် ဈေးရောင်းစျေးဝယ်နေချိန် ဆိုင်ကယ်တစ်စီအခိုးခံလိုက်ရကြောင်း မြို့ခံများထံမှသိရရှိရသည်။
“ကျွန်မအဒေါ် ဆိုင်ကယ်ပါ။ ဈေးဝယ်နေချိန် အခိုးခံလိုက်ရတာပါ။ အခုအထိ စုံစမ်းလို့ မရတော့ဘူး” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းရှိ ထားဝယ်နှင့် မြိတ်မြို့များတွင် ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှု၊ အလစ်သုတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိမှု နည်းပါးနေဆဲဖြစ်သည်။
ဇူလိုင်လ ၈ ရက်က မြိတ်မြို့ပေါ်တွင် ဖုန်းနှင့် ဆိုင်ကယ်ကို လုယက်ပြီး ဓားဖြင့် ထိုးသဖြင့် လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်တွင်မူ သံသယရှိသူ လူငယ်နှစ်ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။