ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်ရှိ စက်ရုံတွင် လုံလောက်သော ဆေးကုသခွင့် မရသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ မြန်မာအလုပ်သမား တစ်ရာခန့်က စက်ရုံတွင် ဆန္ဒပြကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ WAG နှင့် ထိုင်းသတင်းဌာနများထံမှ သိရသည်။
ကဘင်ဘူရီဒေသတွင် တစ်ခါသုံးခွက်၊ ထမင်းဘူးများ ထုတ်သောစက်ရုံရှိ မြန်မာအလုပ်သမား ကိုနန်းကိုဦးသည် ဇူလိုင်လ ၁၀ ရက်ညက လုပ်ငန်းခွင်ထဲရှိ စက်မတော်တဆမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ယင်းနေ့က စက်ရုံထဲရှိ ပုံစံတူခွက်များထုတ်လုပ်သော စက်ချို့ယွင်းနေသဖြင့် ကိုနန်းကိုဦးက သွားရောက် စစ်ဆေးခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။
စက်ပိတ်ထားသည်ဟု မှတ်ယူပြီး စစ်ကို စစ်ဆေးနေချိန် စက်အလိုအလျောက် အလုပ်လုပ်လာသဖြင့် ကိုနန်းကိုဦးကို ဖိမိကာ ဒဏ်ရာအပြင်းအထန် ရရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
လုပ်ငန်းခွင်ထဲ အပြင်းအထန်ဒဏ်ရာရရှိခဲ့သော်လည်း အချိန်မီဆေးကုသခွင့် မရရှိခဲ့သလို ဆေးရုံသို့ ပို့ဆောင်ချိန် အလုပ်သမား၏ ဆေးကုသခွင့်အတွက် စက်ရုံဘက်က တာဝန်ယူလုပ်ဆောင်ပေးခြင်းမရှိကြောင်း WAG အဖွဲ့၏ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။
“စဖြစ်သွားတဲ့အချိန် စက်ရုံက ဆေးရုံကားလည်း မခေါ်ပေးဘူး။ (အလုပ်သမားတွေက) အပြင်က ကားငှားပြန်တော့လည်း အပြင်ကကား အထဲပေးမဝင်ဘူး။ ဆိုတော့ အလုပ်သမားတွေနဲ့ ပြဿနာတွေဖြစ်ကြတယ်။ အဲဒီလိုဖြစ်တော့ ဆေးကုသခွင့်အတွက် ကားတင်ဖို့ ခက်ခဲသွားလို့ ပိုဆိုးသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
ကိုနန်းကိုဦးသည် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် လာရောက်လုပ်ကိုင်သည့် အလုပ်သမားဖြစ်ပြီး စက်ရုံတွင် အလုပ်ဝင်သည်မှာ နှစ်လကျော်သာ ရှိသေးကြောင်း ဆိုသည်။
ကိုနန်းကိုဦးသည် ရရှိသော ဒဏ်ရာများဖြင့် ဆေးရုံတွင် ကုသမှုခံယူနေစဉ် သေဆုံးကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။။
ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံအားလုံးသည် အလုပ်သမားများ၏ ကျန်းမာရေးအာမခံ သို့မဟုတ် လူမှုဖူလုံရေးရန်ပုံငွေများကို တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဥပဒေအရ ပြဋ္ဌာန်းထားသည်။
စက်ရုံသည် ဖွင့်လှစ်ထားသည်မှာ မကြာသေးသဖြင့် အလုပ်သမားအချို့၏ လူမှုဖူလုံရေးရန်ပုံငွေများ (ပကန်စံခွန်) မပြုလုပ်ရသေးသည်ကို တွေ့ရှိခဲ့ကြောင်း ကိုမုန်တိုင်းက ပြောသည်။




ထို့ကြောင့် စက်ရုံရှိ အလုပ်သမားများက ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အပေါ် ဇူလိုင်လ ၁၁ ရက်တွင် မြန်မာအလုပ်သမား တစ်ရာခန့်သည် တရုတ်အလုပ်ရှင်များပိုင်သည့် Chong Xin EcoWare Technology (Thailand) စက်ရုံရှေ့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။
ကိုနန်းကိုဦးအတွက်လည်း လူမှုဖူလုံရေးခံစားခွင့်အတိုင်း နစ်နာကြေးရရှိရန် အလုပ်သမားများဘက်က တောင်းဆိုထားသည်။
အလုပ်သမားများဘက်က ဖယ်ရီခများ မပေးဆောင်ရရေး၊ အလုပ်ချိန် နေ့ဆိုင်း ညဆိုင်းပြောင်းမှုများအတွက် ဆက်တိုက် အလုပ်မဝင်ရရေး၊ နားရက်တွင် အလုပ်ဆင်းသော်လည်း လုပ်အားခ နှစ်ဆမရရှိသောဖြစ်စဉ်များအတွက် စက်ရုံဘက်က ဖြေရှင်းပေးရန်လည်း ထပ်မံတောင်းဆိုခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။
ဆန္ဒပြမှုနှင့် ပတ်သက်၍ ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) က မြန်မာအလုပ်သမားများနှင့် တွေ့ဆုံညှိနှိုင်းပေးပြီးနောက် ဆန္ဒပြပွဲ ရပ်ဆိုင်းခဲ့သည်။
မြန်မာအလုပ်သမားများကို ထိုင်းအလုပ်သမားဥပဒေအတိုင်း အခွင့်အရေးများ ခံစားခွင့် ရရှိရေး အာဏာပိုင်များနှင့်အတူ ဆက်လက်စီမံဆောင်ရွက်မည်ဟု အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးက ပြောဆိုကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
Ref: Khaosod English, Matichon online