BREAKING
October 18, 2025

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအပေါ် လက်လှမ်းဝေးနေသေးတဲ့ တရားမျှတမှု

July 12, 2025

မြန်မာ့လူ့ဘောင်အတွင်းမှာ ‘လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု’ ဆိုတဲ့စာလုံးဟာ သတင်းခေါင်းစဉ်တွေထဲမှာ ပေါ်လာတတ်ပေမယ့် လူ့ဘောင်ထဲမှာတော့ မမြင်သာဘဲ အမှောင်ထဲမှာပဲ ရှင်သန်နေလေ့ရှိပါတယ်။

အထင်ကရပုဂ္ဂိုလ်‌တွေ၊ အဖွဲ့အစည်းတစ်ခုခုက ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေထဲမှာပဲ ဒီလိုအကြမ်းဖက်မှုတွေကို ဆိုရှယ်မီဒီယာတွေမှာ ထုတ်ဖော်ပြောဆိုလာကြတာမျိုးတွေလည်းတွေ့လာရပါတယ်။

အကြမ်းဖက်မှုဆိုတာ မုဒိမ်းမှုတင်သာမက၊ သဘောမတူဘဲ ကာယာကံမြောက်ကိုင်တွယ်တာ၊ စကားဖြင့် လှောင်ပြောင်တာ၊ စော်ကားပြောဆိုတာ၊ ဓာတ်ပုံ၊ ဗီဒီယို‌တွေဖြန့်ဝေတာ စသည်ဖြင့် အကြောင်းအရာများစွာပါဝင်ပါတယ်။ အဲဒီအပြုအမူတွေဟာ ခံစားရသူရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် နှလုံးသား ဒဏ်ရာတွေကိုဖန်တီးပေးလိုက်တာပါပဲ။

၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့အတူ မိန်းကလေးတွေ လူငယ်တွေဟာ စစ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရဲ့ အဓိကပစ်မှတ်ဖြစ်လာကြသလိုတော်လှန်ရေးဘက်တော်သားတွေထဲမှာလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေ တွေ့လာရပါတယ်။

ဒီလိုလိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုတွေအတွက်အမြဲတမ်းမေးနေရတာကတော့ ဘယ်အချိန်မှာ တရားမျှတမှုရမှာလဲ။ တရားမျှတမှုရဖို့ ဘယ်သူတွေ ကူညီပေးမှာလည်း၊ ဘယ်သူတွေ ကာကွယ်ပေးမှာလဲ… စတဲ့လဲပေါင်းများစွာ။

လူ့အခွင့်အရေးဆိုတာ လူတိုင်းပိုင်ဆိုင်ရမယ့်အရာဖြစ်သလို အရှက်နဲ့သိက္ခာကို တာဝန်မဲ့စွာ ဖျက်ဆီးမှုတွေကိုလည်း လူ့ဘောင်ထဲမှာ ခွင့်မပြုသင့်ပါဘူး။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုစီရင်တဲ့ ဥပဒေပုဒ်မတွေရှိပေမယ့် ဥပဒေစိုးမိုးမှုလျော့ရဲနေတဲ့ ဒီကနေ့ တော်လှန်ရေးကာလမှာတော့ အကောင်အထည်မဖော်နိုင်တာမျိုးက နစ်နာသူတွေအပေါ် ပိုပြီး ဒဏ်ရာပိုနက်စေပါတယ်။ ဒီလိုအခြေအနေအောက်ကနေ လူ့ဘောင်တစ်ခုလုံး ရုန်းထွက်လာဖို့လိုအပ်နေတယ်။

မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုက ၂၀၂၁ စစ်အာဏာသိမ်းကတည်းပျက်စီးသွားခဲ့ပါပြီ။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းမှာလည်း အလားတူပါပဲ။

ပျက်စီးသွားတဲ့နေရာကို NUG ရဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ စတင်ပေါ်ထွန်းလာကြပါတယ်။ အဲဒီအဖွဲ့ကို တချို့က ကြားကာလအုပ်ချုပ်ရေးအဖွဲ့ လို့ခေါ်ကြသလို တချို့ကတော့ မိုးကျရွှေကိုယ် အုပ်ချုပ်ရေးအဖွဲ့ စသည်ဖြင့် သတ်မှတ်ကြတာရှိပါတယ်။

မည်သို့ပင်ဆိုစေကာမူ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး အဖွဲ့အစည်း လိုမျိုး ကျင့်သုံးကြတာတွေ့ရပါတယ်။

နေ့စဉ်လူနေမှုဘဝထဲမှာ တွေ့ကြုံနေကျ အမှုတွေအပေါ် စိစစ်စစ်ဆေးတာ၊ တရားစွဲတင်တာ၊ ပြစ်ဒဏ်ချမှတ်ပေးတာ စတဲ့ဝန်ဆောင်မှုတာဝန်တွေကို အဲဒီအဖွဲ့အစည်းတစ်ခုတည်းက ထမ်းဆောင်ကြတယ်လို့ ယေဘုယျပြောလို့ရပါတယ်။

ဒါပေမယ့် တချို့သောအမှုတွေမှာ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေမှာ ပြစ်ဒဏ်ချမှတ်ပုံတွေက ကျူးလွန်သူကို ဖုံးဖိ၊ ကွယ်ဝှက်ပေးရာရောက်နေသလား လို့ထင်ရအောင် စိတ်မကောင်းစရာ တွေ့မြင်လာနေရပါတယ်။

NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်တဲ့ဒေသတွေတင်မကဘဲ KNU တပ်မဟာ ၄ ထိန်းချုပ်ဒေသတွေမှာလည်း အလားတူဖြစ်စဉ်မျိုးတွေ ကြုံနေကြရပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရှိတဲ့ ဒေသတွေမှာ ကျူးလွန်သူတွေကို ‌ထောင်ဒဏ်အစား နယ်နှင်ဒဏ်ပေးတာမျိုးတွေကျင့်သုံးနေကြတာရှိသလို ကိုယ်ပိုင်တရားစီရင်ရေးရှိတဲ့ KNU တပ်မဟာ ၄ ထိန်းချုပ်ဒေသတွေမှာဆိုရင် ကျူးလွန်သူကို ဘယ်လိုပြစ်မှုမျိုးမှ ဒဏ်ခတ်တာမျိုးမရှိတဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့က သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင်ဖြစ်ပွားသည့်မှုခင်း၊ ၂၀၂၄ ခုနှစ် နှစ်ကုန်းပိုင်းက လောင်းလုံးမြို့နယ် ကျောက်ပုံကျေးရွာက အမှုတွေမှာ အထက်‌ပေါ်ပြပါ အရေးယူမှုပုံစံတွေကို တွေ့ရပါတယ်။

ပြန်ဆက်ရရင် သက်ငယ်မုဒိမ်းမှုအပါအဝင် မတရားလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ကျူးလွန်သူတွေအတွက် ထိုက်သင့်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေဆိုတာ ထိထိရောက်ချမှတ်ဖို့ ဘယ်လိုအချိန်ကာလမျိုးမှာ မဆို တကယ်တမ်း လိုအပ်တယ်လို့မြင်ပါတယ်။

လိင်ပိုင်းဆိုင်ရာကျုးလွန်စော်ကားသူတွေကို ထိရောက်ပြီး မျှတတဲ့တရားစီရင်မှုမျိုးမဟုတ်ဘဲ “ရပ်ရွာကနေ နယ်နှင်ပေးလိုက်ပြီ” ဆိုတာနဲ့ဖြေရှင်းတာမျိုးက မေးခွန်းထုတ်စရာတွေတန်းစီပေါ်လာပါတယ်။

အမှုကို စီရင်ဆုံးဖြတ်ကြတဲ့လူကြီးမင်းတွေဟာ ကြီးတဲ့အမှုငယ်အောင် လုပ်ပစ်လိုက်ကြတာလား၊ ကိုယ့်လူမို့ညှာနေတာလား၊ တော်လှန်ရေးသမားဖြစ်ရင် ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးစရာမလို‌တော့ဘူးလား စတဲ့မေးခွန်းတွေတန်းစီးနေပါတယ်။

ဒီနေရာမှာ ရှင်းရှင်းလင်းလင်း သိထားရမှာက တရားမျှတမှုဆိုတာ မိမိစိတ်အလိုဆန္ဒအအတိုင်းဆုံးဖြတ်တာမျိုးမဟုတ်ဘူးဆိုတာကို အထူးသတိချပ်ဖို့ပါ။

မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုချင်းစီတိုင်းမှာ ခံရသူတွေဖက်ကနေကြည့်တဲ့အခါကျရင်သူတို့ရဲ့ နာကျင်မှုဟာ အလွန်နက်ရှိုင်းပါတယ်။

လိင်ပိုင်းဆိုင်ရာကျူးလွန်သူပါလို့ ခံရတဲ့သူက ထုတ်ဖော်ပြောနေလင့်ကစား ထားဝယ်ခရိုင်ထဲ အချိန်ကာလတစ်ခုအထိ မနေစေဘဲ အခြားဒေသတစ်ခုခုကိုထွက်ခွာစေဆိုတဲ့ စီရင်မှုမျိုးက တခြားတဖက်ကတွေးရင် မင်းရဲ့ပြစ်မှုအတွက် ထားဝယ်ခရိုင်မှာမနေဘဲ မြိတ်ခရိုင်ထဲမှာဖြစ်ဖြစ် သက်တောင့်သက်သာသွားနေစေ‌ဆိုပြီး အမိန့်ချတာနဲ့အတူတူပါပဲ။ ဒါကတရားမျှတမှုမဟုတ်ပါဘူး။

ထပ်ပြောပါမယ် “နယ်နှင်” ဆိုတဲ့လျော့ပေါ့ပြစ်ဒဏ်မျိုးနဲ့ ပြီးသွားတဲ့ စီရင်မှုဟာ Victim တစ်ယောက်အတွက်တော့ တရားမျှတမှုမဟုတ်တဲ့အပြင် သူ့ရဲ့ ဘဝအစိတ်အပိုင်းတစ်ချို့ကို သတ်လိုက်တာနဲ့တောင်ပိုတူနေပါသေးတယ်။

အခြားအမြင်တစ်ခုကနေကြည့်မယ်ဆိုရင်တော့ အခုလိုမျိုး သာမန်အခြေအနေနဲ့မတူတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေကြောင့် တရားဥပဒေစနစ်အပြည့်အဝမရှိတာကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေဟာ လူတစ်ဦးရဲ့ကိုယ်၊ စိတ်၊ ဘဝကို ချွတ်ယွင်းအောင်လုပ်သွားတဲ့ ပြစ်မှုကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီလိုပြစ်မှုကို နယ်နှင်လိုက်တာ ဒါမှမဟုတ် မထိရောက်တဲ့ အခြား‌ပြစ်မှုတစ်ခုနဲ့ ပြီးသွားတယ်လို့ဆိုရင် နောက်ထပ် Victim တို့အတွက်အန္တရာယ်မြင့်တက်သွားလေမလား စဉ်စားဖို့လိုပါလိမ့်မယ်။

နစ်နာသူတွေဟာ တရားမျှတမှုမရဘဲ အနာပေါ်အနာဆင့်နေကြရတာ။ တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်အပေါ် ဆုံးဖြတ်သူတွေဟာ တစ်နေ့နေ့မှာ တာဝန်ယူရပါလိမ့်မယ်။

ဒီစကားတွေဟာ တရားမျှတမှု ဖုံးကွယ်ခံရတဲ့ Victim တို့ရဲ့ ရင်ထဲကအသံတစ်ခုပါ။

နောက်ဆုံးဆွေးနွေးချင်တာကတော့ တရားမျှတမှုဆိုတာ ပြစ်မှုမလုပ်တဲ့သူအတွက် ကာကွယ်ရေး ဖြစ်သလို၊ ပြစ်မှုကျူးလွန်သူအတွက် လက်ခံနိုင်မှုတစ်ခု ဖြစ်ဖို့လည်းလိုပါတယ်။

ပုံမှန်မဟုတ်တဲ့ စစ်ရေးပဋိပက္ခထဲ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဖြောင့်မတ်မှုလိုအပ်သလို ဥပဒေအပေါ် အလွဲသုံးစားလုပ်ဆောင်မှုတွေ အတတ်နိုင်ဆုံး ရှောင်ရှားဖို့လိုပါလိမ့်မယ်။ ဒါမှလည်း ဒေသခံတွေကို အကျိုးပြုတဲ့ ပြည်သူတွေကို အမှန်တကယ် ကာကွယ်ပေးတဲ့ အဖွဲ့အစည်းတွေအဖြင့် မှတ်ကျောက်တင်ခံရမှာပါ။ နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ ကိုယ်လုပ်တဲ့ကိစ္စ ကိုယ်တိုင် တာဝန်ယူဖို့လိုလိမ့်မယ်။

ဒီလိုမဟုတ်ရင်တော့ ပြစ်မှုကိုဖုံးကွယ်တဲ့အဖွဲ့အစည်းရယ်လို့ ပြည်သူတွေ သတ်မှတ်တာခံရနိုင်ပါတယ်။

‘လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု’ ဆိုတဲ့စာလုံးဟာ သတင်းခေါင်းစဉ်တွေထဲမှာတင်သာမကဘဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ တကယ်ထိခိုက်တတ်တဲ့ပြစ်မှုဖြစ်ကြောင်း လက်ခံနိုင်ဖို့၊ ကျူးလွန်ခံရတဲ့သူတွေရဲ့အသံတွေ လွတ်လပ်လုံခြုံမှုအပြည့်နဲ့ ထုတ်ဖော်နိုင်ဖို့၊ တရားမျှတမှုကို ရှာဖွေနိုင်ဖို့ဆိုတာတွေ တကယ့်လက်တွေ့လူမှုဝန်းကျင်ထဲ ရှင်သန်ကြီးထွားလာဖို့ အရေးကြီးပါတယ်။

“စိတ်ဒဏ်ရာဟာ မမြင်ရပေမယ့် အနာကျက်ဖို့အချိန်ပိုကြာတတ်တယ်” ဆိုတာကို လူတိုင်းနားလည် ကိုယ်ချင်စာတတ်ဖို့ ရည်မျှော်ရင်း။

နောန်ပြည့်ဝ