ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နှင့် ကံပေါက်တိုက်နယ်ကို စစ်ကောင်စီက ဇွန်လ နောက်ဆုံးအပတ်ကစပြီး ဆန်သယ်ယူခွင့် ကန့်သတ်လိုက်ကြောင်း ဆန်ရောင်သူများနှင့် ဒေသခံများထံမှသိရသည်။
ဇွန်လနောက်ဆုံးအပတ်တွင် တနင်္သာရီတိုင်းအဝင် မလွှဲတောင် စစ်ဆေးရေးဂိတ်၌ ကံပေါက်ဒေသခံ ကားသမားများ မောင်းလာသည့် ဆန်ကားသုံးစီး ဖမ်းဆီးစစ်ဆေးခံရကာ ရက်သတ္တပတ် အကြာ ဇူလိုင်လဆန်းတွင် ပြန်လွတ်လာပြီးနောက် ဆန်သယ်ယူခွင့်ကို ကန့်သတ်လိုက်ကြောင်း ဒေသခံများကဆိုသည်။
“ကားသုံးစီ ဖမ်းထားတဲ့ အပတ်တုန်းက ဘယ်သူမှ ဆန်မပေးသယ်ဘူး။ လုံးဝပိတ်ထားတယ်။ ကားသုံးစီးပြန်လွတ်လာပြီးမှ ဆန်ဆိုင်တွေက အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှာ ဆန်အမှန်တကယ်ရောင်းနေကြောင်း ဆိုင်ဓာတ်ပုံနဲ့ ထောက်ခံစာသွားလုပ်ရတယ်။ အဲဒီထောက်ခံစာနဲ့မှ သယ်လို့ရတယ်။ အဲဒါတောင်အများကြီးသယ်မရဘူး။ တစ်ခါသယ်ရင် အိတ်နှစ်ဆယ်ဝန်းကျင် လောက်ပဲရတယ်” ဟု ကံပေါက်ဒေသခံ ကုန်တင်ယာဥ်မောင်းတစ်ဦးကပြောသည်။
အလားတူ ကလိန်အောင်မြို့တွင်လည်း ဆန်ရောင်းသူများကို စစ်ကောင်စီက ဇွန်လနောက်ဆုံးအပတ်တွင် အစည်းအဝေးခေါ်၍ ဆန်အရောင်းအဝယ် စာရင်းပုံမှန် တင်ပြရန် ညွှန်ကြားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။
“အစည်းအဝေးမှာပြောတာက ဆန်ရောင်းမယ်ဆိုရင် ဘယ်သူ့ဆီက ဘယ်နှစ်အိတ်ဝယ်ရောင်းလဲပေါ့ ၊ လာဝယ်တဲ့သူကဘယ်သူတွေလဲပေါ့ ၊ပြီးတော့ ပမာဏအများကြီး မရောင်းခိုင်းဘဲ နှစ်အိတ်အများဆုံးပဲ ရောင်းခိုင်းတယ်။ စာရင်းပေးထားတဲ့ ဆန်အိတ်အရေအတွက် စာရင်းကုန်ရင် နောက်ထပ်စာရင်းအသစ် ပြန်လုပ်ရမယ် ပြောတယ်” ဟု ကလိန်အောင်မြို့ခံ ဆန်ရောင်းသူတစ်ဦးကပြောသည်။
ကလိန်အောင် တံတားစစ်ဆေးရေးဂိတ်တွင်လည်း ကားများဖြင့် ဆန်သယ်ယူလာပါက ယခင်ကထက် အသေးစိတ်စစ်ဆေးခံရကြောင်း ကားသမားများထံမှသိရသည်။
ဆန်သယ်ယူခွင့် ကန့်သတ်လိုက်သဖြင့် ဆန်စျေးလည်း အနည်းငယ်တက်သွားသည်ဟု ဒေသခံများကဆိုသည်။
” အရင်က ကမာကြည်ဆန် တစ်အိတ်( ၂၄ ပြည်အိတ်) က ကိုးသောင်းနဲ့ဝယ်စားရတယ်။ ဆန်ဝယ်ရခက်သွားပြီး ပြန်ဝယ်လို့ရတဲ့အချိန်မှာက တစ်သိန်းတစ်သောင်းဖြစ်သွားတယ်။ တစ်ပိုင်းအိတ်(၁၂ ပြည်အိတ်)လည်း အရင် ငါးသောင်းကနေ နှစ်သောင်းထပ်တက်သွားတယ်။ ဆန်အချောတွေလည်း နှစ်သိန်းကျော်ကုန်တယ် ” ဟု ကံပေါက်ရွာ လှည်းကုန်းရပ်ကွက် မှ အိမ်ရှင်မ တစ်ဦး ကပြောပြသည်။
ယင်းသို့ ဒေသ ပြင်ပမှသယ်ရသည့် ဆန်များသယ်ရခက်ခဲကာ စျေးမြှင့်လာသဖြင့် ဒေသထွက် လယ်စိုက်ဆန် များလည်း ဒေသတွင်း စျေးကွက်ထဲတွင် ပိုရောင်းလာရသည် ဟု ဒေသခံလယ်သမားတို့ကဆိုသည်။
” အရင်က လယ်ဆန်က အိမ်စားပဲချန်ထားတာရှိတယ်။ အခုက ဝယ်စားသမားရှိလာတယ်။ ပိုရောင်းလာရတယ်ပေါ့။ ရန်ကုန်၊ ထားဝယ်ဘက်ကလာတဲ့ ဆန်က စျေးကြီးပြီး ဝယ်ရခက်နေတော့ လယ်ဆန် စားသမားများလာတယ်။ လယ်ဆန်က ပြည် ၂၀ တစ်အိတ် တစ်သိန်း ကာလပေါက်စျေးရှိနေတယ် ” ဟု ကံပေါက် ဒေသခံလယ်သမားတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ကံပေါက်တိုက်နယ် ကို ၂၀၂၄ ခုနှစ် သြဂုတ်လခန့်ကစပြီး ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားကြောင်း ဒေသခံများထံမှသိရသည်။