BREAKING
October 19, 2025

ပုံဆွဲပြရတော့မည့် မြိတ်ကျွန်းစုက ဒီရေတောများ

July 12, 2025

ပျူးမီးသွေး ဟုဆိုလိုက်ပါက ရိုးရိုးမီးသွေးများထက် နှစ်ဆခန့်ဈေးကြီးလေ့ရှိပြီး တာရှည်အသုံးခံလေ့ရှိသည့်အတွက် တနင်္သာရီတိုင်းထွက်ကုန်အဖြစ် လူသိများလှသည်။

နာမည်ကြီးလှသည့် ပျူးမီးသွေးမှာ ဒီရေတောအတွင်းပေါက်ရောက်နေသည့် သစ်ပင်များ(ဒေသအခေါ် ရေထင်း)ကို အသုံးပြုကာ ပြုလုပ်ထားခြင်းဖြစ်သည်။

အဆိုပါဒီရေတောမီးသွေးကို မြိတ်ကျွန်းစုဒေသတွင် အများဆုံးထုတ်လုပ်သော်လည်း ပြည်တွင်းသုံးစွဲမှုထက် ဈေးကောင်းရသည့် ထိုင်းနိုင်ငံကို အဓိကထား တင်ပို့ကြသည်။

မူကထ ဆိုင်ဟုခေါ်သည့် အသားကင်ဆိုင်များက ဒီရေတောမီးသွေးကို အဓိကအသုံးပြုလေ့ရှိသဖြင့် မူကထဆိုင်ပေါင်းများစွာရှိသည့် ထိုင်းနိုင်ငံက ယင်းမီးသွေးများကို စျေးကောင်းပေးဝယ်ယူခြင်းဖြစ်သည်။

ထိုင်းစျေးကွက်၏ ဒီရေတောမီးသွေးဝယ်လိုအားကို မြိတ်ကျွန်းစုဒေသက အဓိကဖြည့်ဆည်းပေးနေသည်။

ထိုကြောင့်လည်း မြိတ်ကျွန်းစုဒေသမှထွက်သည့် ဒီရေတောမီးသွေးတင်လှေကြီးများမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ကို လူးလားခေါက်ပြန် တင်ပို့နေကြသည်။

ဝမ်းဗိုက်အကျယ် ၁၈ ပေရှိသည့် မီးသွေးလှေကြီးတစ်စီးလျှင် ဒီရေတောမီးသွေး ကီလိုတစ်သိန်းကျော်(မီးသွေး ၂၆၀၀အိတ်)အထိ တင်ဆောင်လေ့ရှိပြီး တစ်လလျှင် ၄ ခေါက်ခန့် တင်ပို့နေကြသည်။

ထိုကဲ့သို့ မီးသွေးလှေကြီးအစီးရေဆယ်ချီက ရနောင်းမြို့သို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေသည့်အတွက် တစ်လလျှင် ဒီရေတောမီးသွေးကီလိုသန်းချီ တင်ပို့နေဖွယ်ရှိသည်။

ထိုကြောင့် မြိတ်ကျွန်းစုဒေသတွင် ဒီရေတောများပြုန်းတီးလာပြီး ဒီရေတောအတွင်းရှင်သန်ကြသည့် ရေနေသတ္တဝါများ ရှားပါးကုန်သည်။

သို့သော် ဒီရေတောမီးသွေး အမြောက်အမြား ဝယ်ယူနေသည့် ထိုင်းနိုင်ငံတွင်မူ ဒီရေတောများ ခုတ်ယူခြင်း မပြုလုပ်နိုင်ရန် ဥပဒေပြဌာန်းကာ ထိထိရောက်ရောက် ကာကွယ်ထားကြသည်။

ယင်းကြောင့် ထိုင်းနိုင်ငံတွင် သက်တမ်းရင့်ဒီရေတောကြီးများ အများအပြားရှိနေသော်လည်း မြိတ်ကျွန်းစုတွင်မူ ဒီရေတောများ တစ်နေ့တစ်ခြားပိုမို ပျက်စီးလာနေသည်။

ယခုအတိုင်းဆက်သွားပါက ဒီရေတောဆိုသည်ကို ပုံဆွဲပြရတော့မည့်အခြေအနေ ဆိုက်လာတော့မည်ဖြစ်သည်။

ယင်းကြောင့် ဒီရေတောအပင်များ ခုတ်နေသည့်အခြေအနေ၊ မီးသွေးဖုတ်နေသည့်အကြောင်း၊ ထိုင်းနိုင်ငံသို့တင်ပို့နေသည့် အခင်းအကျင်းများကိုသိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။

“(ဒီရေတောတွေ) မရှိတော့ဘူး ပြုန်းတီးကုန်ပြီ”

ဒီရေတောမီးသွေးဖုတ်ဖူးသည့် အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦး၊ ဘုတ်ပြင်းမြို့နယ်

DW ။ ရွာဘက်မှာဆိုရင် ရေထင်း(ဒီရေတော)ခုတ်ပြီး မီးသွေးဖုတ်နေကြတဲ့ မီးသွေးဖိုဆိုရင် ဘယ်လောက်အထိ ရှိနေလဲ။

ဖြေ ။ ရွာတွေထဲမှာတော့ မရှိဘူး။ ဥယျာဥ်တွေခြံတွေထဲမှာရှိတာ။ ကျွန်တော်တို့ရွာမှာလည်းရှိတယ်။ ရွာနီးချင်းတွေမှာလည်းရှိတယ်။ ကျားကပ်အော်(ရွာ)မှာဆို အများကြီးပဲ။ကျားကပ်အော်မှာက မိုးရာသီဆိုရင် တစ်ရွာလုံးလုပ်တယ်။ နွေရာသီဆိုရင် နည်းသွားတယ်။ နွေကျရင် ဘာဖြစ်လို့ဆို မီးထွန်းလှေသမားတွေနဲ့ နည်းသွားတာပေါ့။ မိုးကျရင် မီးထွန်းလှေသမားတွေက ပင်လယ်အလုပ်(ငါးဖမ်းမထွက်)မလုပ်တော့ဘူး။ မီးသွေးဖောင်းသီးသန့်လုပ်ကြတယ်။ ကျားကပ်အော်မှာဆိုရင် မီးသွေးဖောင်းလုပ်တာ အိမ်ထောင်စု ၃၀ လောက်ရှိတယ်။ တစ်အိမ်မှာ တစ်ပိုင်တစ်နိုင်ဆိုရင် ၂ လုံး ၃ လုံးလုပ်ကြတယ်။ရှိတဲ့လူတွေဆိုရင် မီးသွေးဖောင်း ၇ လုံးအထိ လုပ်ကြတယ်။ အခ(အလုပ်သမား)ဝင်လုပ်တဲ့ သူတွေလည်းရှိတယ်။ ဘာလိအော်ရွာမှာလည်း လုပ်ကြတယ်။ ပြီးတော့ အရှေ့ကမ်းရွာဘက်မှာလည်း မီးသွေးဖောင်းတွေ အများကြီးပဲ။

DW ။ မီးသွေးဖောင်းဖုတ်တဲ့လူတွေက ကိုယ်တိုင်ဒီရေတောထင်းကို ခုတ်ကြတာလား။ ဘယ်လိုခုတ်ကြလဲ။

ဖြေ ။ ဖောင်းပိုင်ရှင်ကြီးတွေဆိုရင် (ကိုယ်တိုင်မခုတ်ဘူး) အခသား(အလုပ်သမား)တွေက ခုတ်တယ်။ ရေထင်းရလာရင် တစ်ပုံစံ(တစ်ကျင်း)ဆို ဘယ်လောက်ပေါ့။ မီးသွေးဖောင်းမရှိတဲ့သူတွေကျတော့ ခုတ်ရောင်းကြတယ်။တစ်ပုံစံကို ငါးသောင်း(ကျပ်)။ လိုက်ခုတ်တာက ရေထဲ(ဒီရေတော)မှာပဲလိုက်ခုတ်ကြတယ်။ ရေထဲမှာပေါက်နေတဲ့ ပရုန်းပင်(ဒီရေတောအပင်)ကို လိုက်ခုတ်ရတာများတယ်။

DW ။ ထွက်လာတဲ့ မီးသွေးတွေကို ဘယ်သူတွေကဝယ်တာလဲ။

ဖြေ ။ ရွာမှာရှိတဲ့ မီးသွေးဒိုင်တွေကပဲဝယ်တယ်။မီးသွေးအကြေတွေကိုတော့ ကားသမားတွေနဲ့ ကော့သောင်းမှာ လာရောင်းကြတယ်။မီးသွေးအတောင့်တွေကိုကျတော့ ထိုင်းထဲကို ပို့သွင်းတယ်။ဒိုင်တွေကနေ လှေတွေနဲ့ပို့တယ်။ ဟန်ကချင်း(ရွာ)မှာ လှေတွေရှိတယ်။ ဝယ်တာက ဒိုင်ရဲ့အိမ်မှာသီးသန့်ပုံပြီးထားတယ်။ မီးသွေးဖောင်းကလာတာနဲ့ ပုံပြီးထားတယ်။

DW ။ အစ်ကိုတို့ဒေသဘက်မှာဆိုရင် အာဏာမသိမ်းခင်ကနဲ့ အခုက မီးသွေးဖို ပိုများလာလား။ နည်းလာလား။

ဖြေ ။ အခုဆို မီးသွေးဖောင်းပိုများပေါ့။အလုပ်ကသိပ်အဆင်မပြေကြဘူးလေ။ မီးသွေးဖောင်းပဲ လုပ်များလာတယ်။ အာဏာမသိမ်းခင်တုန်းကဆိုရင် မီးသွေးဖောင်းလုပ်တဲ့သူသိပ်မရှိဘူး။ဘာဖြစ်လို့လဲဆိုရင် ရေထဲကပစ္စည်း (ရေထွက်ပစ္စည်း) က ပိုပြီးအရများတယ်။ ပင်လယ်ငါးဖမ်းလုပ်ငန်းက ပိုရတယ်။ အခုက သိပ်မလုပ်ကြတော့ဘူး။ မီးသွေးဖောင်းနဲ့ မြင်း(WY စိတ်ကြွဆေး)နဲ့ပဲ လုပ်တာများနေတယ်။အခုက ရေလုပ်ငန်းက ပင်လယ်ထဲ ထွက်ချင်တိုင်းထွက်လို့မရဘူး။ပင်လယ်ထဲထွက်ရင် စစ်ဆေးမေးမြန်းထူတယ်။ ရေတပ်တွေကတွေ့ရင် စစ်ဆေးမေးမြန်းရင် ကိုယ်ပြောတာကို သူတို့ကတစ်မျိုးထင်ရင် မီးသွေးဖောင်းပဲဝင်ဖုတ်နေကြတော့တာ။ မီးသွေးဖောင်းလုပ်ရင် ဘယ်မှသွားစရာမလိုဘူး။ ကိုယ့်ဥယျာဥ်ထဲမှာကို။ ပင်လယ်ပြင်ထွက်ရင် အရင်ကလို မလွတ်လပ်ဘူးလေ။ဒါကြောင့်မီးသွေးဖုတ်သမား ပိုများလာတာ။

DW ။ ဒီရေတောခုတ်တာ၊ မီးသွေးခုတ်တာမှာ ပျူစောထီးလို လက်နက်ကိုင်အဖွဲ့တွေကို ငွေကြေးပေးရတာရှိလား။

ဖြေ ။ ကော့ရဲကြီး(ရွာ)က ပျူစောထီးတွေဆိုရင် ပင်လယ်ထဲသွားနေတဲ့လှေတွေ(မီးသွေးတင်လှေ အပါအဝင်)ကို ခေါ်လို့ဝင်မလားဘူးဆိုရင် သေနတ်နဲ့ပစ်ပြီးခေါ်တယ်။ပြီးရင် ကျည်တစ်တောင့်ပစ်ရင် နှစ်သောင်း၊ နှစ်ချက်ပစ်ရင် လေးသောင်း ပေးရတယ်။ခေါ်သွင်းပြီးရင် ရိုက်ခတ်ထုတာ။မီးသွေးလှေဖြစ်ဖြစ် ဘာလှေပဲဖြစ်ဖြစ်။ သူတို့က ကော့ရဲကြီးတံတားမှာထိုင်ပြီး ဘီယာသောက်နေကြတယ် ဝိုင်းပြီးတော့။ လှေသွားလှေလာရှိရင် သေနတ်နဲ့ပစ်တယ်။ ပစ်လို့ဝင်လာရင် ဝင်လာ။ဝင်လာလည်း ပေးရတယ် မဝင်လာလည်း ပေးရတယ် ကျည်ဖိုး။ ဟန်ကဒိုင်းရွာက စစ်သားတွေကိုတော့ အရင်ကတည်းက ငွေပုံမှန်ပေးရတယ်။ဘုတ်ပြင်းအပိုင်က တပ်ရင်းတွေ။ သူတို့လာတောင်းရင်ပေးဖို့ အုပ်ချုပ်ရေးမှူးကနေ ကောက်ပေးထားတယ်။

DW ။ ဒီလိုမျိုး ရေထင်း(ဒီရေတော)ခုတ်ပြီး မီးသွေးဖုတ်သမားပိုများလာတယ်ဆိုတော့ ရေထင်းက ရှာဖို့လွယ်သေးရဲ့လား။

ဖြေ ။ ရေထင်းတွေ မရှိတော့ဘူး။အာဏာမသိမ်းခင်ကတည်းက ရေထင်း(အပင်ကြီး)မရှိဘူး။ လူတစ်ယောက်ပိုက် (လုံးပတ်) အရွယ်ဆို မရှိတော့ဘူး။ရှိလှ ပေါင်လုံးအရွယ်ပဲ။ အခုကတော့ လက်ကောက်ဝတ်အရွယ်တွေပဲ ကျန်တော့တယ် ခုတ်သမားများလို့။ဒီရေတောတွေကို သူပိုင် ကိုယ်ပိုင်ဆိုပြီးလုပ်ထားတယ်။ ဥပမာ-ဒီဥယျာဥ်နားမှာ အရင်ကတည်းက မီးသွေးဖောင်းလုပ်နေတယ်။ဒီနားတဝိုက်ဒီရေတောကို အခြားလူလာမခုတ်နဲ့။ အခြားမီးသွေးဖောင်း ကလူတွေ ဝင်ခုတ်လို့မရဘူး။နောက်ပြီးရင် သူ့နားကဒီရေတောကို ထားထားတယ်။ပြီးရင် သူများနားက အပင်တွေကို လိုက်ခုတ်တယ်။သူများက လာခုတ်ရင် ရန်ဖြစ်စကားများကြတယ်။

ကျွန်တော်တို့ရွာမှာဆိုရင် အရင်ကဆို ရွှံ့ပြင်ဆို အရင်ကဆိုရင် ရေခံနေတုန်းပဲ။အခုဆိုကုန်းကြီးဖြစ်သွားတယ်။ ဘာမှမရှိတော့ဘူး။အရင်ကဆိုရင် ထင်းတစ်လုံး(ဒီရေတောတစ်ပင်) ဆိုရင် လူတစ်ယောက်ပိုက်လို့မမီဘူး။ ထင်းတစ်ပင်လှဲရင် မီးသွေးတစ်ဖောင်းစာလောက်ရတယ်လေ အရင်က။(NLD)အာဏာမရခင်တုန်းကပေါ့။

ရေထင်း(ဒီရေတော)ကုန်သလို ကုန်းထင်း(တောတောင်တွင်ပေါက်ရောက်သည့်အပင်များ) လည်းကုန်တယ်။ ဘာဖြစ်လို့လဲဆို ရေထင်းက မီးသွေးဖောင်းတစ်ဖောင်းစာကုန်ရင် ကုန်းထင်းလည်း တစ်ဖောင်းစာကုန်တယ်။ မီးထိုးရင်ရိုးရိုးနဲ့။ ဒီရေတောမီးသွေးဖုတ်ရာမှာ မီးထိုးတာက ကုန်းထင်းနဲ့ မီးပြန်ထိုးရတယ်။မီးသွေးဖောင်းအဝမှာ မီးထိုးရတယ်။ နေ့ရောညရောမပြတ်ဘူး။

DW ။ ဒီရေတောတွေ ရှားပါးလာတော့ ခရုတွေ ကဏန်းတွေ ရှာစားဖို့ရော လွယ်သေးရဲ့လား။ ဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ ။ မရှိတော့ဘူး ပြုန်းတီးကုန်ပြီ။ ကျွန်တော်တို့တောင်မှ ကဏန်းပိုက်လှေထွက်တာတောင် မရတော့ဘူး။ ရှိရင်လည်း အရင်ကလိုသိပ်မပေါဘူး။ ငါးသားတွေကအစ မရှိတော့ဘူး ချောင်းကြိုချောင်းကြားတွေမှာ။ သစ်ပင်တွေခုတ်ပြီးလှဲပစ် ချတော့ သစ်ရွက်ပုပ်တွေနဲ့ သစ်ရွက်ပုံကြီးဖြစ်နေတော့ ငါးသားတွေလည်း မခိုတော့ဘူး။ အရင်ကရှိခဲ့တဲ့နေရာတွေမှာ ခရုတွေရှိတဲ့နေရာမှာတောင် မရှိတော့ဘူး။ အရင်ကဆိုရင် ကျွန်တော်တို့ဆီမှာဆိုရင် တအားပဲ။ ချောင်းကြိုချောင်းကြားမှာ ခဏငယ်ဆင်းသွားရင် ဘာစားမလဲ လိုတဲ့ဟာရှိတယ်။ ဂျင်း ဆိုရင်ဂျင်း၊ ရှပ်ဆိုရင်ရှပ်၊ ခရုဆိုရင် ခရုပေါ့။ အခုက မရှိတော့ဘူး။ လမဲ့ပင်တွေ ခုတ်များလို့လားမသိဘူး ကမ်းနားတွေမှာဆိုရင် ကုန်းတွေဖြစ်လာတယ်။လဟာပြင်ကြီးလိုဖြစ်သွားတယ် အားလုံး။ချောင်းကြိုချောင်းကြားတွေမှာ ဒီလိုဖြစ်လာတယ်။

DW ။ ရွာမှာ ဒီရေတောမီးသွေးတွေက ဘယ်ဈေးပေါက်နေလဲ။

ဖြေ ။ ရွာမှာအခုဆို ပါကင်(လက်ကောက်ဝတ်အရွယ် တစ်ထွာခန့်ရှည်သည့် မီးသွေးချောင်း)တစ်ကီလိုဆိုရင် ၆၀၀ (ကျပ်)ဈေးပေါက်နေတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

‌”ဒီရေတောတွေဆိုတာ ဘယ်လိုခံနိုင်မှာတုန်း။ ဟိုလူခုတ် ဒီလူခုတ်လိုက်နဲ့ ကြာတော့ မျိုးတုံးလာရော”

အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၊ ကော့ဇယားကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်

DW ။ မီးသွေးဖိုလုပ်နေတာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲ။ဦးလေးတို့ပိုင်တဲ့ မီးသွေးဖိုဘယ်နှစ်ဖိုလောက်ရှိလဲရှင်။

ဖြေ ။ မီးသွေးဖောင်းလုပ်နေတာ ကျွန်တော်သားအငယ်ဆုံးတစ်သက်ရှိပြီ။၂၅နှစ်လောက်ရှိပြီ။‌အခုလက်ရှိ မီးသွေးဖုတ်နေတဲ့ ဖောင်းကြီး၊ဖောင်းငယ်ရော အားလုံးပေါင်း ၁၀ဖိုလောက်တော့ရှိတယ်။

DW ။ အဲဒီဖိုတွေကထွက်တဲ့ မီးသွေးတွေ တစ်လကို ပျှမ်းမျှဘယ်နှစ်အိတ်လောက်ထွက်လဲရှင်။ ဘယ်ကို အဓိကပြန်ရောင်းလဲ။ဈေးနှုန်းကရော ဘယ်ဈေးလောက်ပေါက်နေလဲရှင်။

ဖြေ ။ မီးသွေးဖိုငယ်တွေက ဥပမာ ၁၀ တောင်ဖောင်း‌တွေဆို အိတ်၁၈၀၊ ၁၉၀လောက်ထွက်တယ်။ ၁၅တောင်ဖောင်းတို့ အတောင် ၂၀ဖောင်းတို့ရှိသေးတယ်။၁၅တောင်ဖောင်းဆို ၅၅၀ လောက်ထွက်တယ်။တောင် ၂၀ဖောင်းတွေက အိတ်တစ်ထောင် ဝန်းကျင်လောက်ထွက်တယ်။အခုလက်ရှိ ဖောင်းတွေက ၁၀ တောင်ဖောင်းက အကြီးဆုံးပဲ။ ၈တောင် ၆တောင်ဖောင်းတွေပဲရှိတော့တယ်။ ရေထင်းတွေလည်း ရှာရရှားပါးလာတာကိုး။ နွေရာသီဆို မီးသွေးဖိုဖွင့်တာ ၅ရက်လောက်စောတယ်။ မီးသွေးတစ်ဖောင်းဖုတ်ရင် ၁၉ရက်၊ ၂၀ရက်လောက်ကြာတယ်။ မိုးရာသီကျတော့ပုံမှန်ထက် ၅ရက်လောက်နောက်ကျမှဖွင့်ကြတယ်။ ဒါတွေကိုဦးဦးက ဗဟုသုတအနေနဲ့ ပြောပြတာပါ။ မီးသွေးက တစ်လကိုပျှမ်းမျှ အိတ်တစ်ထောင်ဝန်းကျင်လောက်ထွက်တယ်။ ရှမ်းပြည်(ထိုင်းနိုင်ငံ) ကိုအဓိကပို့တယ်။တခါတစ်‌လေ ဈေးကိုက်ရင် ဘိတ်(မြိတ်)ဘက်ကိုလည်းပို့တယ်။ အခုလက်ရှိ ဈေးနူန်းက တစ်ပိဿာ ၇၅၀(ကျပ်)။ တစ်အိတ်မှာ ၂၅ပိဿာလောက် ဆံ့တယ်။ တစ်အိတ်ကို ၁၉၀၀၀(ကျပ်) ဝန်း‌ကျင်လောက်ရှိတယ်။

DW ။ မီးသွေးဖုတ်ဖို့အတွက် ရေထင်းကိုဝယ်တာလား။ ဒါမှမဟုတ်ကိုယ်ပိုင်အလုပ်သမားတွေနဲ့ခုတ်တာလားရှင်။ ခုတ်ရတာအရင်ကထက် ပိုရှားလာတယ်လို့သိရတယ်။ ဘာကြောင့်လဲ ပြောပြပါလားရှင်။

ဖြေ ။ တခါတစ်လေ သစ်ခုတ်သမားတွေလာရောင်းရင် ဝယ်လိုက်တယ်။ သစ်ခုတ်တဲ့ အလုပ်သမားတွေနဲ့ ကိုယ်တိုင်လိုက်ခုတ်တာများတယ်။‌‌ ရေထင်းတွေက ပိုရှားလာတာပေါ့။ ရှာဖွေစားသောက်နေကြတဲ့သူတွေလည်း များတယ်လေ။ တဖြည်းဖြည်းရှားပါးလာတာပေါ့။ ဘာကြောင့်လဲဆိုတော့ သစ်ခုတ်၊မီးသွေးဖုတ်နေတဲ့ သူတွေက လူအများစုလေ။ ‌ဒီရေတောတွေဆိုတာ ဘယ်လိုခံနိုင်မှာတုန်း။ ဟိုလူခုတ် ဒီလူခုတ်လိုက်နဲ့ ကြာတော့ မျိုးတုံးလာရော ပေါ့ကွယ်။

DW ။ အခုလက်ရှိရော အရင်ကရော မီးသွေးဖုတ်တဲ့နေရာမှာ အဓိကကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေလဲ။

ဖြေ ။ အခက်အခဲက ရေထင်းပဲ။ထင်းကောင်းရင် အားလုံးအဆင်ပြေတယ်။ အရင်က အခက်အခဲဆိုပြီးမရှိပါဘူး။ နောက်ပိုင်းကျတော့ ရေထင်းရှားပါးတဲ့ အခက်အခဲတော့ရှိတယ်။

DW ။ နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်သေးလဲရှင်။

ဖြေ ။ ရေထင်းရှာဖွေရ ရှားပါးတာကလွဲရင် အကုန်အဆင်ပြေပါတယ်။နောက်ပိုင်း ဦးလေးတို့နေရာတွေမှာရော အခြား‌ဒေသတွေမှာပါ ဥယျာဉ်ခြံနဲ့ မီးသွေးဖိုတွဲပြီး လုပ်ကိုင်တဲ့သူများလာတယ်။ မီးသွေးဖောင်းက ရေထင်းရှာရ ပင်ပန်းလာတယ်လေ။ ဥယျာဉ်ခြံတွေနဲ့ ပြန်တွဲပြီးလုပ်ကိုင်ရ‌တာပေါ့။ ဥယျာဥ်ခြံ‌တွေမှာ ရော်ဘာတို့ ကွမ်းသီးတို့ စိုက်ကြတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“လက်နက်ကိုင်ထားတဲ့ အကောင်တွေကို ငွေပေး ခုတ်ချင်တဲ့နေရာပတ်ခုတ်”

အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦး၊ မနိုးရုံးကျေးရွာအုပ်စု၊ ဘုတ်ပြင်းမြို့နယ်

DW ။ မီးသွေးဖုတ်ဖို့အတွက် ရေထင်းခုတ်တဲ့အလုပ်လုပ်နေတာဘယ်လောက်ကြာပြီလဲရှင်။ဘယ်လို အပင်အမျိုးအစားတွေကို ထင်းလုပ်ဖို့အများဆုံးခုတ်လဲရှင်။

ဖြေ ။ မီးသွေးဖောင်းအလုပ်လုပ်လာတာ ၁၀ နှစ်လောက်တော့ရှိပြီ။ မိသားစုတပိုင်တစ်နိုင် ပဲလုပ်တယ်။ အများကြီးလုပ်တာမဟုတ်ဘူး။ မီးသွေးဖုတ်ဖို့ ထင်းတွေကတော့ ဒီရေတောထဲမှာဆို ပရုန်းသား၊လမ်းဘဲသား၊ ဆောင်းသားတွေသုံးတာများတယ်။ အခုနောက်ပိုင်း တောင်သစ်တွေအသုံးများလာကြတယ်။ ဒီရေတောတွေက သိတဲ့အတိုင်း မျိုးတုံးကုန်ပြီလေ။

DW ။ တစ်နေ့ကို ရေထင်းဘယ်လောက်အထိ ခုတ်ကြလဲရှင်။တစ်နေ့ ဝင်ငွေဘယ်လောက်ရလဲရှင်။

ဖြေ ။ ဦးဦးတို့က တပိုင်တစ်နိုင် မီးသွေးဖောင်းငယ်တွေဆိုတော့ ထင်းတစ်ဖောင်းပြည့်ရင် ‌ရေထင်းခုတ်တာ နားတယ်။ ဖောင်းကို ထင်းထိုးဖို့လိုအပ်တဲ့ ထင်းတွေကို နှစ်ရက်တစ်ခါ သုံးရက်တစ်ခါလိုက်ခုတ်တယ်။ဝင်ငွေကတော့ ဖောင်းဖွင့်ပြီး မီးသွေးရောင်းမှ ရတယ်။

DW ။ အရင်ကရော ဘာအလုပ်လုပ်တွေလုပ်လဲရှင်။မိသားစုတွေဘယ်နှစ်ဦးလောက်ရှိလဲ။

ဖြေ ။ အရင်က ဒီရေတောတွေထဲ ထင်းခုတ် သစ်ခုတ် ရောင်းတယ်။ ထင်းခုတ်ပြီး မီးသွေးဖောင်းကြီးတွေကို ရောင်းတယ်။သစ်တွေက အိမ်ဆောက်တဲ့သူတွေမှာရင် ခုတ်ပေးတယ်။အခုတော့ ထင်း‌တွေ သစ်တွေလည်းရှား ပါးလာတော့ ကိုယ်ပိုင်မီးသွေးဖောင်းငယ်လုပ်ပြီး ရှာစားနေရတယ်။မိသားစုဝင်တွေကတော့များတယ်။ အားလုံး ၁၀ ယောက်ရှိတယ်။

DW ။ ဝင်ငွေအနေနဲ့ဆိုရင် ဦးလေးတို့ဆီမှာက ချောင်းလည်းရှိတော့လေ ပုစွန်‌ဖမ်းတာတို့ ငါးမျှားတာတို့နဲ့စာရင် ရေထင်းခုတ်တာ ဘယ်ဟာပိုကောင်းလဲ။

ဖြေ ။ ကိုယ်ကျွမ်းကျင်ရာပေါ့နား။ ဦးလေးကတော့ ဦးလေးကျွမ်းကျင်တာ ပိုကောင်းတယ်။ ကိုယ်နဲ့ပိုပြီးအဆင်ပြေတယ် ထင်တယ်။ ငါးဖမ်းတာက မကျွမ်းကျင်တော့ ဦးလေးအတွက် အဆင်မပြေဘူး။ဝင်ငွေကတော့ ငါးဖမ်းတာက နေ့တိုင်းနီးပါးဝင်ငွေရှိတယ်။

DW ။ အထက်မှာ ဦးလေးပြောသလို ဒီရေတောတွေ မျိုးတုန်းလာလို့ ရေထင်းရှားပါးလာတဲ့အခြေအနေတွေမှာ ရေထင်းခုတ်ရာမှာ အရင်ကနဲ့အခု ဘယ်လိုကွာခြားသွားလဲရှင်။

ဖြေ ။ အရင်ကနဲ့ အခု ဝောာ်တော်ကွာတာပေါ့။ဦးလေးတို့က တပိုင်တစ်နိုင်ပဲဆိုတော့ ရေထင်းရှာရတာ သိပ်အခက်မတွေ့ဘူးဆိုပေမယ့် အရင်ကလည်း ရေထင်းခုတ်ရောင်းဖူးတော့ သိတယ်။မီးသွေးဖောင်းကြီး လုပ်နေတဲ့သူတွေက ရေထင်းရှာရတာ ပိုခက်ခဲတယ်။ဒါကြောင့် တောင်ထင်းတွေရောတာများလာတယ်။ မီးသွေးအရည်အသွေး မကောင်းတော့ဘူး။ သတ်မှတ်ထားတဲ့ နယ်မြေအတွင်းပဲ ရေထင်းခုတ်ရတာ နယ်ကျော်ရင် ပြဿနာရှိတယ်။ အာဏာပိုင်တွေကိုလည်း ရေ(လာဘ်ငွေ)ပေးရသေးတယ်။

DW ။ အဲလိုရေထင်းရှားလာတော့ ဒီရေတောထဲမှာရှိတဲ့ ‌အပင်ငယ်တွေ လိုက်ခုတ်နေကြတယ်လို့ ကြားတယ်။ ဦးလေးတို့ရော အဲလိုခုတ်ကြလား။ရှားလာတာကရော ဘာကြောင့်လဲ ပြောပြပေးလို့ရလား။

ဖြေ ။ ဦးလေးတို့လည်း တခါတစ်လေ ‌ရေထင်းအပင်ကြီးတွေရှာရ ပင်ပန်းလာတဲ့အခါ မီး‌သွေးဖုတ်ဖို့ ထင်း တစ်ဖောင်းစာ မပြည့်သေးတဲ့အခါတွေဆို ခုတ်တယ်။ရှားလာတာကတော့ အာဏာသိမ်းပြီးနောက်ပိုင်းပိုဆိုးလာတယ်။ စည်းကမ်းမဲ့ ဖြစ်လာကြတယ်။ သစ်တောထိန်းတွေ လာစစ်တာမျိုးလည်း မရှိကြတော့ဘူး။ လက်နက်ကိုင်ထားတဲ့ အကောင်တွေကို ငွေပေး ခုတ်ချင်တဲ့နေရာပတ်ခုတ်။ နယ်ကျော်ပြီးလာခုတ် တာတွေလည်းရှိတယ်။ မီးသွေးဖောင်းတွေလည်း ၃ ဆလောက်ပိုများလာတယ်။ထိုင်းကိုပို့ကြတယ်လေ။ဈေးကလည်းကောင်းတော့ ရေထင်းရှားလာတဲ့ အဓိကအကြောင်းအရင်းတွေပေါ့။

DW ။ တခြားရေထင်းခုတ်တဲ့ သူတွေရှိသေးလား။ဒီရွာတစ်ဝိုက်မှာ ရေထင်းခုတ်တဲ့သူ ဘယ်လောက်များများရှိလဲရှင်။

ဖြေ ။ ရေထင်းခုတ်ရောင်းတဲ့သူတွေတော့ရှိတယ်။တစ်ယောက်စ နှစ်ယောက်စလောက်ပါပဲ။ များများတော့မရှိဘူး။ အခုနောက်ပိုင်းက ကိုယ်ပိုင်မီးသွေးဖောင်း နဲ့ ကိုယ်ပိုင်ရေထင်းခုတ်တဲ့ အလုပ်သမားတွေ နဲ့ဖြစ်လာကြတယ်။ ခုတ်ရောင်းတဲ့သူတွေ သိပ်မရှိကြဘူး။

DW ။ အခုဦးလေးတို့လုပ်နေတဲ့အလုပ်က မိသားစုစားဝတ်နေရေးအတွက် လုံလောက်လားရှင်။ တခြားမိသားစုဝင်တွေရော ဘာတွေလုပ်ကိုင်ကြ‌သေးလည်းရှင်။

ဖြေ ။ ဘယ်လိုလုပ်လောက်င မလဲကွယ်။အမျိုးသမီးကတော့ မီးသွေးဖောင်းဘေးက မြေကွက်လပ်တွေမှာ ဟင်းရွက်ဟင်းသီးစိုက်တယ်။ ကွမ်းပင်တွေလည်းရှိတယ်။ရေထင်းခုတ်။ မဖြစ်စလောက် မီးသွေးဖောင်းနဲ့ ဘယ်လိုလောက်ငမလဲကွယ်။ ကျန်တဲ့ သားသမီးတွေက ကျောင်းတက်တဲ့သူတက် မိဘအလုပ်ဝိုင်းကူ အပြင်အလုပ်လုပ်တဲ့သူလည်းရှိတယ်။

DW ။ ရေထင်းခုတ်ရောင်းတဲ့သူတွေ ရေထင်းတွေခုတ်ပြီး ဘယ်မှာသွားရောင်းကြလဲ သိလားရှင်။ဈေးကတော့ ဘယ်လို အတိုင်းအတာနဲ့ တွက်ချက်ပေးလဲရှင်။

ဖြေ ။ ထင်း ခုတ်ရောင်းတဲ့သူတွေက မီးသွေးဖောင်းအကြီးတွေမှာရောင်းတယ်။ တခါတစ်လေ ရွာတွေဘက်က မုန့်လုပ်သမားတွေ ဆီမှာရောင်းတယ်။ ရွာတွေမှာရောင်းရင်တော့ ထင်း ၁ စည်းကို (ကျပ်) နှစ်ထောင်လောက် ရောင်းတယ်။မီးသွေးဖောင်းကြီးတွေမှာတော့ ဘယ်လိုဝယ်လည်းဦးလေးလည်းမသိဘူး။ အတိုင်းအတာက တန်နဲ့တွက်တယ်။တခါတစ်လေ ပါးစပ်နဲ့ဖြတ်ပြီးရောင်းကြတယ်လို့ကြားတယ်။

DW ။ ရွာအနီးတစ်ဝိုက်မှာ မီးသွေးဖို အရေအတွက်ဘယ်လောက်ရှိနိုင်လဲသိလားရှင်။ ဘယ်သူတွေ ပိုင်ကြလဲ။

ဖြေ ။ အစိတ်(၂၅)၊ သုံးဆယ်လောက်တော့ရှိမယ်။ ခန့်မှန်းပြောတာနော်။ ဒီထက်ပိုများနိုင်တယ်။ ဘယ်သူပိုင်လည်းဆိုတော့ တခြားဒေသက သူတွေပိုင်တာများတယ်။ အာဏာပိုင်လက်နက်ကိုင်တွေကို ငွေပေးပြီး လာလုပ်စားနေကြတဲ့ တခြားဒေသက လူတွေပိုင်တာပိုများတယ်။

DW ။ ဒေသထွက်မီးသွေးအများစုကို ဘယ်နေရာတွေအဓိကပို့ကြလဲရှင်။

ဖြေ ။ ဘိတ်(မြိတ်မြို့)ဘက်ကိုပို့တယ်။ရှမ်းကမ်း(ထိုင်း)ဘက် ကိုသွားတဲ့လှေကြီးတွေ တစ်ခါတစ်လေ ရွာကိုဝင်လာပြီး မီးသွေးလာတင်နေတာတွေ့တယ်။ ကော့သောင်းဘက်ကိုလည်းပို့ကြတယ်။ သူတို့အဆက်အသွယ်နဲ့သူတို့ ပို့နေကြတာပဲ။

“ရနောင်းမှာ မီးသွေးဂိုဒေါင်က ၁၀ ဂိုဒေါင်ထက်မနေ(မနည်း)ဘူး။ အများကြီးပဲ။ မီးသွေးက လာတာများလွန်းလို့ မီးသွေးတောင် ရှားသွားပြီ”

ရနောင်းမြို့တွင် နှစ်၂၀ ကျော်နေထိုင်သည့် ထားဝယ်ဒေသခံတစ်ဦး

DW ။ မြန်မာဘက်ကနေ ရနောင်းကို မီးသွေးတွေဝင်နေတဲ့အခြေအနေက ဘယ်လိုရှိလဲ။ ရနောင်းမှာ မီးသွေဂိုဒေါင်ဘယ်လောက်ရှိလဲ။

ဖြေ ။ ရနောင်းမှာမီးသွေးဂိုဒေါင်က ၁၀ ဂိုဒေါင်ထက်မနေ(မနည်း)ဘူး။ အများကြီးပဲ။ မီးသွေးက လာတာများလွန်းလို့ မီးသွေးတောင်ရှားသွားပြီ။

DW ။ မီးသွေးက ဘယ်လောက်ရှားသွားတယ်လို့ထင်လဲ။

ဖြေ ။ အခုဆိုရင် လှေတစ်စီးကို တစ်လကို ၄ ခေါက်ရတယ်(မြိတ်ကျွန်းစုဒေသထွက် ဒီရေတောမီးသွေးကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ လှေကြီးများဖြင့်သယ်ဆောင်ကြခြင်းဖြစ်သည်)။မနားတမ်းသွားကြတာ။ အရင်ကဆိုရင် လှေတစ်စီး တက်တာနဲ့ဆင်းတာက ၇ ရက်ပဲကြာတယ်။ လှေသားတွေအတွက်တော့ ကိုက်တာပေါ့။အရင်ကဆိုရင် လှေသားတစ်ယောက်ကို တစ်ခေါက်ကို ဘတ် ၂၀၀၀ လောက်ရတယ်။တစ်လကို ဘတ် ၈၀၀၀ လောက်ရတယ်။ အခုဆိုရင် တစ်လကို ၂ ခေါက်ပဲရတော့ (တစ်ခေါက်ကို) ဘတ် ၃၀၀၀ လောက်ပေးနေတယ်။

DW ။ မီးသွေးလှေတစ်စီးမှာ မီးသွေးဘယ်လောက်ပါလေ့ရှိလဲ။

ဖြေ ။ မီးသွေးလှေတစ်စီးမှာ မီးသွေးအိတ်ထောင်ချီပါတယ်။ ထိုင်းနိုင်ငံကို ရောက်လာချိန်မှာလှေပေါ်ကနေ ကရိန်းနဲ့ပြန်ချကြတယ်။ ထိုင်းကနေ ကုန်ခြောက်တွေ ပြန်တင်သွားကြတယ်။ဂိုဒေါင်တစ်လုံးမှာဆိုရင် မီးသွေးလှေဆယ်စင်းလောက်ရှိကြတယ်။ လှေကြီးတွေချည်းပဲ။ ဝမ်းပြဲ ၁၃ ပေ၊ ၁၄ ပေလှေတွေဖြစ်တယ်။ ထိုင်းနိုင်ငံနေရာအများစုကို ဒီကနေ ပြန်ဖြန့်ကြတာ။