BREAKING
October 20, 2025

သိန္ဓောရွာတွင် ခဲမိုင်းတူးသည့် အမျိုးသားတစ်ဦး မြေပိသေဆုံး

June 12, 2025

ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာတွင် ခဲမိုင်းတူးနေသည့် အမျိုးသားတစ်ဦး မြေပိသေဆုံးကြောင်း ဒေသခံများ၊ သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။

ဇွန်လ ၁၁ရက် နေ့လယ်ပိုင်းတွင် ခဲသတ္တုလုပ်ကွက်၌ ခဲတူးနေချိန် မြေပြိုကျရာက မြေပိသေဆုံးကြောင်း သေဆုံးသူ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

သေဆုံးသူသည် တနင်္သာရီမြို့နယ်၊ ဘန်ပြည့်အနောက်ဘက်ရွာတွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ဦးပြည့်ပြည့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရင်က မိသားစုအလိုက် လုပ်နေတာ။ ဒီရက်မှာ အားလုံးထမင်းစားချိန် သူ့ကိုထမင်းစားခေါ်တော့ နောက်မှ စားမယ်ပြောပြီး ဆက်တူးနေတာ။ အဲဒီနောက် အဲလိုဖြစ်သွားတာပါပဲ” ဟု အထက်ပါမိတ်ဆွေဖြစ်သူက ပြောဆိုသည်။

အဆိုပါဒေသတွင် ခဲသတ္တုတူးဖော်ရာ၌ ဂူတွင်းတူးပြီး လုပ်ကိုင်ကြသလို အချို့ကမူ အမိုးဖွင့် (မြေကြီးကို တူးဖော်) တူးဖော်ကြသူလည်း ရှိသည်။

ဦးပြည့်ပြည့်မှာ မြေအောက်ဂူတွင်းတူးရာက မြေပြိုကျပြီး သေဆုံးသွားသည်ဟုပြောဆိုကြသော်လည်း ဆက်သွယ်ရေး အခက်အခဲကြောင့် Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

လက်ရှိတွင် မိုးရွာသွန်းမှုများနေသည့်အတွက် မြေသားပျော့ကာ အက်ကွဲပြီး မြေပြိုကျသွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။

ဦးပြည့်ပြည့်တွင် ဇနီးနှင့် ကလေး နှစ်ဦးကျန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာအများစုတွင် ခဲသတ္တုလုပ်ကွက်အများအပြားပေါ်လာပြီး တူးဖော်ကြသည့်အတွက် တောတောင်များ ပျောက်ကွယ်လာသလို မြစ်ချောင်းများလည်း ပျက်စီးနေပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

သဘော့လိပ်ရွာတွင်လည်း ခဲသတ္တုလုပ်ကွက်များက လူနေအိမ်အနီးထိရောက်နေပြီး ချိုင့်ခွက်ကြီးများကျန်ခဲ့သဖြင့် ကလေးများအန္တရာယ်ကျရောက်မည့် အခြေအနေဖြစ်နေရှိကြောင်း ဒေသခံများက ပြောသည်။