BREAKING
June 13, 2025

ယခုနှစ်မြန်မာ့စီးပွားရေး ၂ ရာခိုင်နှုန်းကျော် ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

June 12, 2025

မတ်လတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ် မြန်မာ့စီးပွားရေးမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် မြန်မာနိုင်ငံစီးပွားရေး စောင့်ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ကြေးမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိပြီး ၊ ယင်းပမာဏမှာ မြန်မာ့ဂျီဒီပီ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ငလျင်၏ သက်ရောက်မှုဒဏ်ကို မန္တလေး ၊ စစ်ကိုင်း ၊ ပဲခူး ၊ နေပြည်တော် စသည့်ဒေသများမှ လူဦးရေ ၁၇ သန်းကျော် ခံစားခဲ့ရကြောင်း ၊ လူဦးရေ ၉ သန်းမှာ ငလျင်ဒဏ်ကို ဆိုးရွားပြင်းထန်စွာ ခံစားခဲ့ရကြောင်း အစီရင်ခံစာက ဖော်ပြသည်။

“ငလျင်ကြောင့် ကြီးမားတဲ့ အသက်အိုအိမ်ဆုံးရှုံးမှုနှင့် နေရပ်စွန့်ခွာရမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ အဲဒါက နဂိုဆိုးရွားနေပြီးသား စီးပွားရေးအခြေအနေတွေကို ပိုဆိုးရွားစေခဲ့တယ်။ မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို နောက်ထပ်စမ်းသပ်လိုက်တာပဲ” ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနမှူး Melinda Good က ပြောသည်။

“အထိခိုက်လွယ်ဆုံး လူတွေ ပြန်နာလန်ထူနိုင်ဖို့ အကူအညီတွေ မရှိမဖြစ် လိုအပ်နေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

စက်ရုံပိတ်သိမ်းမှု ၊ ထောက်ပံ့ရေးကွင်းဆက် အခက်အခဲ၊ လုပ်သားရှားပါးပြတ်လပ်မှု၊ အခြေခံအဆောက်အအုံ ပျက်စီးထိခိုက်မှုတို့ကြောင့် ကဏ္ဍအသီးသီးမှ ကုန်ထုတ်လုပ်ငန်းများ အလျဉ်ပြတ်သွားခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြသည်။

ယခုဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုပမာဏမှာ ငလျင်ဒဏ်ကြောင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ လျော့ကျသွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

မန္တလေးနှင့် နေပြည်တော်ကဲ့သို့ ငလျင်ဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် ဒေသများတွင် ယခုနှစ် ဧပြီလနှင့် စက်တင်ဘာလအတွင်း ကုန်ထုတ်လုပ်မှုပမာဏ၏ သုံးပုံတစ်ပုံကို ဆုံးရှုံးရမည်ဟုလည်း ခန့်မှန်းထားသည်။

သို့သော် ယခုဘဏ္ဍာရေးနှစ် နှောင်းပိုင်းတွင် ပြန်လည်လူထောင်ရေးလုပ်ငန်းများကြောင့် စီးပွားရေးတိုးတက်မှု တစ်စိတ်တစ်ပိုင်းကို တွေ့မြင်ရဖွယ်ရှိသည်ဟုလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ငလျင်မတိုင်မီက စစ်တမ်းတစ်ခုတွင် ၂၀၂၄ ခုနှစ်၌ မြန်မာ့လူဦးရေ၏ ၃၁ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေလျက်ရှိသည်ဟု ဖော်ပြထားသည်။

ယင်းဆင်းရဲမွဲတေမှုပမာဏမှာ ၂၀၂၃ ခုနှစ်တုန်းကနှင့် မတိမ်းမယိမ်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက ဆင်းရဲမွဲတေမှုပမာဏဖြစ်သည့် ၂၄ ဒသမ ၈ ရာခိုင်နှုန်းထက် များစွာမြင့်တက်လာခြင်း ဖြစ်သည်။

ငလျင်ဒဏ်က မြန်မာပြည်၏ ဆင်းရဲမွဲတေမှုပမာဏကို ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

Source: World Bank