ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ လယ်ကြီးရွာသား မွန်လူမျိုး လူငယ်တစ်ဦး ရန်ကုန်မြို့တွင် ဆေးလာကုစဉ် ပျောက်ဆုံးနေကြောင်း မိသားစုထံမှ သိရသည်။
ပျောက်ဆုံးသူသည် အသက် ၂၆နှစ်အရွယ် ကိုကြည်စိုး (ခေါ်) အကြည်ဖြစ်ပြီး အကြားအာရုံနှင့် စိတ်ကျန်းမာရေး ချို့ယွင်း နေသူဖြစ်ကာ ဗမာစကား ကောင်းမွန်စွာ မပြောနိုင်ဘဲ မွန်စကားသာ ပြောတတ်သူဖြစ်ကြောင်း မိသားစုထံမှ သိရသည်။
မိသားစုနှင့်အတူ တည်းခိုနေသည့် ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်းရှိ “Cupid” ဟိုတယ်မှ ကိုကြည်စိုးသည် ဇွန်လ ၈ ရက် ည ၁၁နာရီခွဲခန့်တွင် တစ်ယောက်တည်းထွက်သွားကာ ပျောက်ဆုံးနေပြီး ယနေ့ ဇွန်လ ၁၂ရက်အထိ ပြန်လည် အဆက်အသွယ် ရရှိခြင်းမရှိသေးပေ။
ဟိုတယ်၏ လုံခြုံရေးကင်မရာ မှတ်တမ်းတွင် ကိုကြည်စိုးသည် အနက်ရောင် ရှပ်အင်္ကျီလက်တိုနှင့် အသားရောင် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ဖိနပ်မစီးဘဲ ထွက်သွားသည်ကို မြင်တွေ့ရသည်။
ကိုကြည်စိုး ပျောက်ဆုံးမှုကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် လူပျောက်မှုတိုင်ထားပြီး အကြောင်းတစ်စုံတစ်ရာ ထူးခြားခြင်း မရှိသေးသလို လူမှုကွန်ရက်တွင် အကူအညီတောင်းခံထားသည့် လူပျောက်ကြော်ငြာမှ ဖုန်းကို ဆက်သွယ်၍ ငွေလိမ်လည်ရန် ကြိုးပမ်းသူများရှိကြောင်း မိသားစုထံမှ သိရသည်။
“လူပျောက်ကြေညာပါတဲ့ အချက်အလက်တွေကို ကြည့်ပြီး လိမ်ပြီးလျှောက်ပြောတာမျိုးရှိတယ်။ အဲဒီလို ဆက်သွယ် လာတာတွေ အများကြီးပဲ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ကိုကြည်စိုးအား တွေ့ရှိပါက မိသားစု ဖုန်း 09790249957 နှင့် ကူညီပေးနေသူတစ်ဦး ဖုန်း 09262382842 တို့ကို ဆက်သွယ်ပေးပါရန် မိသားစုက အကူအညီတောင်းခံထားသည်။