BREAKING
June 14, 2025

တနင်္သာရီ သမီးလှရွာသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းသွားပြီးသုံးရက်အကြာတွင် အလောင်းပြန်တွေ့

June 12, 2025

ပုံစာ - သမီးလှရွာတစ်နေရာ။ ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့နယ်၊ သမီးလှရွာက ဒေသခံရွာသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားပြီး သုံးရက် အကြာတွင် မြစ်ချောင်းအတွင်း အလောင်းပြန်တွေ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဇွန်လ ၆ရက် ည ၇နာရီဝန်းကျင်တွင် သမီးလှအနောက်ကမ်းရွာတွင်နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် ဦးသန်းလှကို ၎င်း၏ နေအိမ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးကြောင်း သမီးလှရွာသားတစ်ဦးက ဆိုသည်။

“ညဘက်မှောင်နေတော့ ဘယ်သူဘယ်ဝါ မသဲကွဲဘူး။ လက်နက်တွေ ပါလာတယ်။ ဝတ်စုံတွေက အမဲဝတ်လာကြတယ်။ သုံးလေးငါးယောက်ပဲ လာဖမ်းသွားကြတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ထိုသို့ လာရောက်ဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေရာက သုံးရက်အကြာတွင် သမီးလှရွာနှင့် ၅မိုင်ခန့်အကွာရှိ တကူငယ်ရွာချောင်းမြစ်ဆုံတွင် အလောင်းတွေ့ကြောင်း မိသားစုနှင့်နီးစပ်သူက ဆိုသည်။

“တကူငယ်ရွာက ငါးဖမ်းသမားတွေ ညဘက်ကြီး အလောင်းတစ်လောင်း တွေ့လို့ပြောလာလို့ သွားကြည့်ကြတော့ ပျောက်သွားသူ ဖြစ်နေတယ်။ ညတွင်းချင်းပဲ သင်္ဂြိုဟ်လိုက်တယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။

အဆိုပါဒေသမှာ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိသဖြင့် တနင်္သာရီ ပကဖ တာဝန်ရှိသူတစ်ဦးကို Dawei Watch က ဖုန်းဆက်မေးမြန်းရာ ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

ယင်းနေ့တွင်ပင် တနင်္သာရီ ပကဖ၏ တရားဝင်လူမှုကွန်ရက်စာမှတစ်ဆင့် စာပို့ပြီး ဆက်သွယ်မေးမြန်းထားသော်လည်း ဇွန်လ ၁၂ ရက် ညနေအထိ အကြောင်းပြန်ခြင်း မရှိသေးပေ။

တနင်္သာရီမြို့နယ် တကူရွာတိုက်နယ်နှင့် အနီးဝန်းကျင်ရှိရွာများတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၇ဦးအထိ ရှိလာပြီး လက်ရှိအချိန်ထိ တရားခံ မဖော်ထုတ်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။