ဂါဇာတွင် ချက်ချင်းအပစ်ရပ်ရေး အပါအဝင် တောင်းဆိုချက်များ ပါဝင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် မဲခွဲဆုံးဖြတ်သွားမည် ဖြစ်သည်။
ယင်းတောင်းဆိုချက်များတွင် ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားသည့် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရေး၊ ဂါဇာတွင် အရေးပေါ် လိုအပ်နေသည့် စားနပ်ရိက္ခာနှင့်အခြားအကူအညီများ ပို့ဆောင်နိုင်ရန် အစ္စရေး၏ ပိတ်ဆို့မှုအားလုံး ဖွင့်ပေးရေးဆိုသည့် အချက်များလည်းပါဝင်သည်။
စပိန်နိုင်ငံက ရေးဆွဲထားသည့် အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် “အရပ်သားပြည်သူများအတွက် အစာရေစာပြတ်လပ်စေမှုကို စစ်ပွဲနည်းလမ်းတစ်ခုအနေဖြင့် အသုံးချခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်” ဟု ပါရှိသည်။
ဂါဇာတွင် အစာရေစာပြတ်လပ်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း ကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။
အစ္စရေးက ဂါဇာသို့ စားနပ်ရိက္ခာအကူအညီ ပိတ်ဆို့ဖြတ်တောက်ထားမှုကို အပြည့်အဝ မရုတ်သိမ်းလျှင်၊ ဂါဇာတွင် အစ္စရေး၏ စစ်ဆင်ရေးကို မရပ်တန့်လျှင် ပါလက်စတိုင်းဦးရေ ၂ သန်းခန့်မှာ အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့ရမည့် အန္တရာယ်ရှိနေကြောင်း ၎င်းတို့က ဆိုသည်။
ယခုနှစ် မတ်လတွင် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား အပစ်ရပ်သဘောတူညီချက် ပျက်စီးသွားခဲ့ပြီးနောက် အစ္စရေးက ဂါဇာတွင် ၎င်းတို့၏ စစ်ဆင်ရေးကို ပြန်လည်စတင်ခဲ့သည်။
ပြီးခဲ့သည့်အပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်သွင်းခဲ့သည့် ဂါဇာအပစ်ရပ်ရေးနှင့် ဂါဇာသို့ အစ္စရေးက စားနပ်ရိက္ခာအကူအညီ ပိတ်ဆို့ထားမှုကို ဖယ်ရှားရေးကို တောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းမှာ မတည်ပြုနိုင်ဘဲ အရေးနိမ့်ခဲ့ရသည်။
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် ဓားစာခံများ ပြန်လွှတ်ပေးရေး တောင်းဆိုချက်မပါဝင်ဟု ဆိုကာ အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။
ကျန်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံစလုံးက အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ပေးခဲ့သည်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို မဲခွဲဆုံးဖြတ်ရာတွင် မည်သည့်နိုင်ငံကမျှ ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခြင်း မရှိချေ။
ယင်းကြောင့် ယနေ့ မဲခွဲဆုံးဖြတ်မည့်အဆိုမှာ ထောက်ခံမှုအပြည့်အဝဖြင့် အတည်ဖြစ်လာလိမ့်မည်ဟု ထင်ကြေးပေးခံထားရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် မတူဘဲ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်သည် ဥပဒေအရ စည်းနှောင်မှု မရှိပေ။
သို့သော် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်သည် ကမ္ဘာ့နိုင်ငံများ၏ အမြင်သဘောထားကို ထင်ဟပ်ပြသနိုင်သည့် အရာအဖြစ် ရှုမြင်ခြင်း ခံရသည်။
Source: ABC News