BREAKING
June 13, 2025

ထားဝယ်က ပုဂ္ဂလိက ဆေးရုံနှစ်ရုံ လပိုင်းအတွင်း ဒုတိယအကြိမ်ထပ်ပိတ်

June 12, 2025

ပုံစာ - ဆာဒိုဝါးဆေးရုံအားတွေ့ရစဉ်။

ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံနှစ်ရုံသည့် ဆာဒိုဝါးနှင့် အေး ဆေးရုံတို့သည် အတွင်းနှင့် ပြင်ပလူနာများ လက်ခံကုသခြင်းကို ဇွန်လ ၁၁ ရက်မှစ၍ ခေတ္တရပ်နားကြောင်း ဆေးရုံနှင့် နီးစပ်သူများ၊ မြို့ခံများထံမှ သိရသည်။

ဆာဒိုဝါးဆေးရုံတွင် ဆေးရုံ အတွင်း၊ အပြင် ပြုပြင်မည်ဖြစ်သောကြောင့် လူနာလက်ခံခြင်းကို ခေတ္တရပ်နားမည်ဟု ယနေ့ ဇွန်လ ၁၂ရက် နံနက်ပိုင်းတွင် ကြေညာထားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီမနက် ဆေးရုံရှေ့က ဖြတ်သွားတော့ ဆေးရုံခေတ္တပိတ်ထားတယ်ဆိုပြီး ကြေညာထားတာတွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဆေးရုံပိတ်သည့်ကိစ္စနှင့်ပတ်သက်၍ ဆာဒိုဝါးဆေးရုံဖုန်းကို ဆက်သွယ်မေးမြန်းရာ “ပိတ်ထားတယ်ခင်ဗျား။ မနေ့က စပိတ်တာ။ ကျွန်တော်တို့ ဆေးရုံရဲ့ လုပ်ငန်းလိုင်စင်တချို့က မပြီးပြတ်‌သေးဘူးဖြစ်နေလို့။ အဲဒါပြီးတာနဲ့ ပြန်ဖွင့်မှာပါ” ဟု ဖုန်းလက်ခံဖြေကြားသူက ပြောသည်။

ထို့အပြင် ထားဝယ်မြို့ရှိ နောက်ထပ်ပုဂ္ဂလိက ဆေးရုံတစ်ရုံဖြစ်သည့် ‘အေး’ ဆေးရုံကမူ အတွင်းလူနာများ လက်ခံ ကုသခြင်း ခေတ္တာရပ်နားထားသည်ဟု ကြေညာထားသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ရှေ့ရက်တွေက ဖွင့်ထားတယ်။ ဒီမနက်ကျတော့ လူဝင်ပေါက်လေး တစ်ပေါက်သာ ဖွင့်ထားပြီး အတွင်းလူနာ လက်ခံကုသ တာ ခေတ္တရပ်နားထားတယ်ဆိုပြီး ကြေညာထားတာ တွေ့ရတယ်” ဟု ယင်းမြို့ခံကပြောသည်။

ဆေးရုံ၏ကြေညာချက်တွင် မည်သည့်အကြောင်းအရင်းကြောင့် ခေတ္တပိတ်ထားသည်ကို ဖော်ပြထားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

“မတ်လ ၁ ရက်နေ့ကတည်းက ပိတ်ထားတာက အခုထိ ပိတ်ထားတာပေါ့။ ကြားမှာဝင်ထွက်တာတွေက တောက်လျှောက်ရှိနေတယ်ပေါ့။ အဝင်အထွက်ဆိုတာက ပန်းရံတွေ။ အနောက်မှာလေ ဓာတ်လှေကားဆောက် နေတယ်ဆိုတော့ အဝင်အထွက်ရှိနေတယ်။ ဝန်ထမ်းတွေလည်းရှိနေတယ်။ ပစ္စည်းစာရင်းကောက်နေတယ် ဆိုတော့လေ။ အရင်က မတ်လအရှေ့က သူတို့(လူနာ)ရိုက်ထားတဲ့ သွေးအဖြေတွေရှိတယ်။အဲဒါကို လာယူခိုင်းတာတွေတော့ရှိတယ်” ဟု အေး ဆေးရုံတာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်ကောင်စီသည် ရန်ကုန် အပါဝင်မန္တလေး နှင့် ထားဝယ်မြို့များမှ ပုဂ္ဂလိက ဆေးရုံပေါင်း ၂၀ ဝန်းကျင်ကို CDM ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများခန့်ထားသည်ဟုဆိုကာပြီးခဲ့သည့် မတ်လမှစ၍ လုပ်ငန်း ရပ်နား အရေးယူခဲ့သည်။

ထားဝယ်မြို့ရှိ မယ်ဒီလန်း၊ ဆာဒိုဝါးနှင့် အေး ဆေးရုံတို့လည်း ပြီးခဲ့သည့် မတ်လ ၁ ရက်မှစ၍ ယာယီရပ်နားခဲ့ကြရသည်။ ဆာဒိုဝါးဆေးရုံမှာ ဧပြီလ အစောပိုင်းတွင် ပြန်ဖွင့်ခဲ့ပြီး မယ်ဒီလန်းဆေးရုံမှာ မေလ ၁ ရက်နေ့၌ ပြန်ဖွင့်ခဲ့သည်။

ထားဝယ်မြို့တွင် ပုဂ္ဂလိကဆေးရုံ ငါးရုံရှိသည့်အနက် လက်ရှိတွင် မယ်ဒီလန်း၊ ချမ်း‌မြေ့၊ မြင့်မိုရ်ဦး စသော ဆေးရုံသုံးရုံသာ အတွင်း၊ ပြင်ပလူနာ လက်ခံကုသပေးနေကြောင်း မြို့ခံများထံမှ သိရသည်။