အတိုး မက်လုံးကို မျှော်ကိုးပြီး ရှိသမျှပုံအောထားသူတို့ အရင်းပါဆုံးမည့်ကိန်းဆိုက်နေသည်။
၁၅ ရာခိုင်နှုန်း အတိုးရမည်ဆိုကာ ထားဝယ်၊ မြိတ်၊ ကော့သောင်း ဒေသခံများ သိန်းပေါင်းမြောက်များစွာ ထည့်ဝင်ထားသည့် ရင်းနှီးငွေများ ပြန်ထုတ်မရဖြစ်နေကြောင်း ငွေထည့်ဝင်ထားသူအချို့က ပြောသည်။
Forex Trading ဟု ခေါ်သည့် နိုင်ငံတကာငွေကြေးရောင်းဝယ်ရေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူဟုဆိုသည့် ဒေါက်တာညီညီဆွေထံတွင် ငွေကြေးထည့်ဝင်ထားကြသည့် ငွေများ ထုတ်မရဘဲဖြစ်နေကြခြင်းဖြစ်သည်။
တစ်လတစ်ကြိမ် ပုံမှန်ထုတ်ပေးသည့် အမြတ်ငွေအပါအဝင် ရင်းနှီးမြှုပ်နှံထည့်ဝင်ထားသည့် ငွေရင်းများပါ ဧပြီလကတည်းက ထုတ်မရဘဲဖြစ်နေကြောင်း ကိုယ်တိုင်ထည့်ဝင်ထားသူများက ဆိုသည်။
“ရမယ်ဆိုရင် အခုချိန်မှာ ဘယ်သူမဆို ပြန်ထုတ်ချင်နေတဲ့သူချည်းပဲ” ဟု ကျပ်သိန်းသုံးထောင်ကျော် ရင်းနှီးထည့်ဝင်ထားသူ ထားဝယ်မြို့ခံ ကိုညီ (အမည်လွှဲ) က ပြောသည်။
ဒေါက်တာညီညီဆွေ အဖမ်းခံရပြီး အင်းစိန် CID တွင် ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးခံနေရကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုငွေများ ထုတ်မရဘဲ ဖြစ်လာခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခများကြား မလုံခြုံမှု၊ တရားဥပဒေစိုးမိုးမှု မရှိသောကာလတွင် ပြည်သူများ အကျပ်အတည်း ပိုဆိုက်လာပြီး သမ္မအာဇီဝ စီးပွားရေးလုပ်ငန်း မရှင်သန်နိုင်ဖြစ်လာသည်။ စီးပွားရေးလုပ်ငန်များ မကောင်း ချိန် ငွေထုပ်ပိုက်ပြီး အခွင့်အလမ်းရှာသူများကို ပစ်မှတ်ထားပြီး အတိုးငွေ မက်လုံးပေးဆွယ်သူက ချိန်သားကိုက် ရောက်ချ လာသည်။
မန္တလေးမြို့က ဒေါက်တာညီညီဆွေသည် Forex Trading ဟုခေါ်သည့် နိုင်ငံတကာငွေကြေးရောင်းဝယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည်ဟုဆိုကာ ၂၀၂၃ခုနှစ်တွင် တနင်္သာရီတိုင်းက ရင်းနှီးမြှုပ်နှံမယ့်သူများကို ဆွဲဆောင်ရန်ရောက်ချလာခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်တွင် စိတ်ဝင်စားသူမြင့်တက်လာခဲ့ပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းဒေသခံအမြောက်အများ ငွေကြေးထည့်ဝင်လာခြင်းဖြစ်ကြောင်း ကိုညီက ဆိုသည်။
ကျပ်သိန်း ဆယ်ဂဏန်းမှ ထောင်ဂဏန်းအထိ ထည့်ဝင်ထားကြရာ လက်ရှိတွင် ရင်းနှီးသူတို့မှာ ဒေါက်တာညီညီဆွေကိုလည်း အစအန ရှာမရ၊ ငွေလည်းပြန်ထုတ်မရသောကြောင့် သောကကြီးစွာ ရောက်နေကြရသည်။ အာဏာသိမ်းမှုကြောင့် ဒုက္ခများစွာကြုံနေရသူများကို ယခုမူ မြေပူရာ ကင်းမှောက်ဆိုသလို အပူပေါ် အပူဆင့်သည့်ကိန်းဆိုက်နေပြန်သည်။
ဘယ်သူတွေ ငွေကြေးထည့်ဝင်ထားကြတာလဲ
ထည့်ဝင်ထားသူများတွင် အခြေခံလူတန်းစားများ၊ ငွေကြေးတတ်နိုင်သူများ၊ ထိုင်း၊ မလေးရှားရောက် တနင်္သာရီတိုင်းသား များ၊ ရဟန်းများအပြင် တော်လှန်ရေးနယ်ပယ်ထဲက စသည့်ဖြင့် လူတန်းစားအလွှာ ပေါင်းစုံပါဝင်ကြသည်။ ကျပ်ဆယ်သိန်းမှ သိန်းထောင်ဂဏန်းအထိ ရင်းနှီးထည့်ဝင်ထားသူများလည်း ရှိသည်။
ထိုအထဲတွင် ထားဝယ်မြို့ခံ အသက် ၃၀ ကျော်အရွယ် ကိုညီ(အမည်လွှဲ) လည်းတစ်ဦးအပါအဝင်ဖြစ်သည်။ ကိုညီသည် သုံးဘီးဆိုင်ကယ်ဖြင့် တက္ကစီမောင်းသူဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် Trading လောကထဲရောက်လာခဲ့သူ ဖြစ်သည်။
“အစ်ကိုလိုမျိုးဖြစ်နေတဲ့သူတစ်ယောက်ကနေပြီး သူ့မှာ စီးပွားရေးလုပ်ငန်းတစ်ခုရှိတယ်။ စမ်းကြည့်မလားလို့ ပြောတာနဲ့ စလုပ်ဖြစ်သွားတာ” ဟု ကိုညီကပြောသည်။
ကနဦးတွင် ကျပ်သိန်းတစ်ရာဖြင့် စတင်ရင်းနှီးထည့်ဝင်ခဲ့ပြီး အတိုးငွေများ အမှန်တကယ် ရလာချိန်တွင် ရလိုဇောပိုတက်ကာ ရရှိထားသည့် အတိုးငွေအပြင် ခရီးသည်တင် သုံးဘီးဆိုင်ကယ်အပါအဝင် ၎င်းပိုင် အခြားပစ္စည်းများကို ထုခွဲရောင်းချ ထည့်ဝင်ရာ ရင်းနှီးငွေ ကျပ်သိန်း သုံးထောင်ခန့်အထိ ထည့်ဝင်ထားပြီးဖြစ်သည်။
“ပထမဆုံး စစလုပ်ချင်းတုန်းကတော့ သိန်းတစ်ရာနဲ့ စဝင်တယ်။ နောက်တော့ သိတယ်မလား ရလေလိုလေဆိုတော့ သုံးဘီးပါရောင်းပြီးထည့်ထားတာ အခုဆိုရင် (ကျပ်သိန်းပေါင်း) သုံးထောင်ကျော်လောက်ရှိမယ်” ဟု ကိုညီက ပြောသည်။
ကနဦးတွင် အမြတ်ငွေအမှန်တကယ်ရရှိသည့်အခါ ကိုညီကဲ့သို့ပင် အမြတ်ရော အရင်းများပါ ထပ်မံရင်းနှီးထည့်ဝင်သူ များလာသလို စိတ်ပါဝင်စားသူလည်း တစ်စတစ်စမြင့်တက်လာကာ ဒေါက်တာညီညီဆွေ၏ မက်လုံးထဲ စုပြုံတိုးဝှေ့သူ များလာခဲ့သည်။
တနင်္သာရီတိုင်းတွင် ဒေါက်တာညီညီဆွေဦးဆောင်သည့် နိုင်ငံတကားငွေကြေးရောင်းဝယ်ရေး Forex Trading အမည်တပ် ထားသည့် လုပ်ငန်း၌ ငွေကြေးထည့်ဝင်ရင်းနှီးထားသူများထဲတွင် ထားဝယ်မြို့ပေါ်က အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မြိတ်မြို့ဖြစ်ကြောင်း ရင်းနှီးထည့်ဝင်သူများနှင့် မက်လုံးပေးဆွယ်သူများထံမှ သိရသည်။
ကော့သောင်းမြို့တွင်လည်း ထည့်ဝင်ထားသူများရှိသော်လည်း ထားဝယ်၊ မြိတ်ကဲ့သို့ မများကြောင်း ဆိုသည်။
“ထားဝယ်မှာဆိုရင်တော့ တစ်မြို့လုံးပဲ။ မလေးရှားမှာနေတဲ့ ထားဝယ်သားတွေလည်း ထည့်ထားကြတာအများကြီးပဲ” ဟု ကိုညီက ပြောသည်။
အချို့ကမူ အာဏာသိမ်းပြီးနောက် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အဆင်မပြေသဖြင့် ရှိသည့်ငွေများကို ငွေလွယ်လွယ်ရသည့် Trading ထဲ ဇွတ်ထည့်ဝင်လိုက်သူများလည်းရှိသည်။
“မလေးရှားကနေ ပြန်လာပြီးရင် (မြန်မာပြည်မှာ) ဘာလုပ်စားရမလဲ အမြဲတွေးနေတာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ Facebook မှာ ခင်နေတဲ့သူတစ်ယောက်နဲ့တွေ့ပြီး Trading ထဲ ဝင်ဖြစ်သွားတာ” ဟု မလေးရှားနိုင်ငံတွင် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင် နေသည့် လောင်းလုံးမြို့နယ်သူ မလဲ့လဲ့က ပြောသည်။
မလဲ့လဲ့မှာ ၂၀၂၄ နှစ်ဦးပိုင်းမှစပြီး ငွေကျပ်သိန်းဆယ်ဂဏန်း ထည့်ဝင်ထားသူဖြစ်ပြီး လက်ရှိတွင်မူ အရင်းကျေနေပြီ ဖြစ် သည်။ ရင်းနှီးငွေ ထပ်မံထည့်ဝင်မည်ကို မိသားစုက တားဆီးသဖြင့် ထပ်မံ မရင်းနှီး ဖြစ်တော့ဟု ဆိုသည်။ လက်ရှိတွင်မှု အတိုးငွေနှင့် အရင်းငွေ ထုတ်မရတော့ပေ။
ငါးမူးစားများ
ရင်းနှီးထည့်ဝင်ထားသူများသည် Trading လောကအကြောင်း သေသေချာချာမသိကြဘဲ ၁၅ ရာခိုင်းနှုန်း အတိုးရမည် သို့မဟုတ် Leader ဖြစ်ပါက ၀ ဒသမ ၅ ရာခိုင်နှုန်း ရမည်ဆိုသည့် မက်လုံးကို အခြေခံပြီး ဝင်ရောက်လာသူက အများစုဖြစ်သည်။
ယင်းအချက်ကို Leader ဆိုသူအချို့ကလည်း အတည်ပြုကြသည်။
ဒေသတွင်း လူသိများထင်ရှားသူတို့ကိုယ်တိုင်က ကျပ်သိန်းပေါင်းများစွာ ရင်းနှီးထည့်ဝင်ထားကြသည်ကိုကြည့်ပြီး ၎င်းအပေါ် ပုဂ္ဂိုလ်ရေးအရ ယုံကြည်သဖြင့် ရင်းနှီးထည့်ဝင်သူများလည်း ရှိသည်။
Dawei Watch ၏ စုံစမ်းမေးမြန်းချက်အရ လက်ရှိတနင်္သာရီတိုင်း တော်လှန်ရေးလောကတွင် ထဲထဲဝင်ဝင်ပါနေပြီး ဒေသတွင်းလူသိများထင်ရှားသူတစ်ဦး၏ မိသားစုဝင်တစ်ဦးလည်း Leader တစ်ဦးအနေနှင့် ပါဝင်နေသည်။ အဆိုပါပုဂ္ဂိုလ်ပင် ပါဝင်လုပ်ကိုင်နေသည်ဆိုပြီး ယုံကြည်သူပိုများလာကာ ရင်းနှီးထည့်ဝင်သူများလာကြောင်းလည်း ရင်းနှီးထည့်ဝင်သူ အချို့က ဆိုသည်။
သို့သော် ၎င်းကိုယ်တိုင်ကမူ Leader မဟုတ်ဘဲ သာမန်ရင်းနှီးမြှုပ်နှံသူတစ်ဦးသာဖြစ်ကြောင်း ငြင်းဆိုသည်။ ၎င်း၏ စီးပွားရေးလုပ်ငန်းသည်လည်း သူ့မိသားစုနှင့် မသက်ဆိုင်ကြောင်း Dawei Watch သို့ ပြောဆိုသည်။
သို့သော် အဆိုပါ ပုဂ္ဂိုလ်သည် ၀ ဒသမ ၅ ရာခိုင်နှုန်း စားနေသူဖြစ်သည်။ Trading လောကတွင်မူ ၀ ဒသမ ၅ ရာခိုင်နှုန်း ရသူများကို “ငါးမူးစားများ” ဟုခေါ်ကြသည်။
ဆင့်ပွားစီးပွားပုံစံ
ယခု Forex Trading မှာ MLM ဟုခေါ်သော ဆင့်ပွားရင်းနှီးမြှပ်နှံမှုပုံစံဟုဆိုနိုင်သည်။
ဒေါက်တာညီညီဆွေသည် ၎င်း၏လက်အောက်တွင် Leader၊ Sub Leader ၊ Investor ဟု အဆင့်ဆင့်ဖွဲ့စည်းထားသည်။ Investor မှာ ရင်းနှီးထည့်ဝင်သူ အောက်ခြေအဆင့်ဖြစ်သည်။
ရင်းနှီးထည့်ဝင်သူ Investor ၁၀ ဦး၊ ၁၅ ဦး စသည့်ဖြင့် စုဖွဲ့ထားသောအဖွဲ့ကို Sub- Leader က ဦးဆောင်သည်။ တနင်္သာရီတိုင်းတွင် Sub- Leader အများအပြား ရှိသည်။
ထားဝယ်မြို့ခံဖြစ်သည့် ကိုညီသည်လည်း အစပိုင်းတွင် သာမန်ရင်းနှီးမြှုပ်နှံသူသာဖြစ်သော်လည်း နောက်ပိုင်းတွင် စည်းရုံသိမ်းသွင်းသူဖြစ်လာခဲ့သည်။ Leader တစ်ဦးဖြစ်လာရန် ကြိုးစားလာခြင်းဖြစ်သည်။
“ကိုယ့်နဲ့ ခင်ရာမင်ရာတွေကို စီးပွားရေးအကြောင်းပြောပြပြီး လုပ်မလားဆိုတဲ့ပုံစံမျိုး နည်းနည်းပါးပါး လိုက်ပြောတာတော့ရှိတယ်” ဟု ကိုညီက ပြောသည်။
ရင်းနှီးမြှပ်နှံသူ လူသစ်များ များများစုဆောင်းနိုင်လာသူသည် ဆယ်ဦး၊ ဆယ့်ငါးဦး ရှိသည့် အစုအဖွဲ့အသေးစားတစ်ခုကို ဦးဆောင်ရသည့် ခေါင်းဆောင် (Sub Leader) ပုံစံသို့ တက်လှမ်းလာခဲ့သည်။
Sub- Leader များ၏အထက်တွက် Leader ဆိုသူများရှိသည်။ Leader ဆိုသည်မှာ တိုင်းနှင့် ပြည်နယ်တစ်ခုခု၏ တာဝန်ခံပုံစံ ဖြစ်ပြီး ထားဝယ်ဒေသခံတို့၏ပြောပြချက်အရ ဒေါက်တာညီညီဆွေထံတွင် တစ်နိုင်ငံလုံးက Leader အနည်းဆုံး
၂၆ ဦး ရှိသည်ဟု ဆိုသည်။
တနင်္သာရီတိုင်းဦးဆောင်သူဘယ်သူလဲ
Dawei Watch အနေဖြင့် Leadre၊ Sub Leader ဟုခေါ်နိုင်သော မြိတ်ဒေသခံအမျိုးသားတစ်ဦးနှင့် ထားဝယ်ဒေသခံ အမျိုးသားတစ်ဦးနှင့် စကားပြောခွင့်ရခဲ့သည်။ (ထိုသူများ၏ အမည်ကိုမူ ကာယကံရှင်နှစ်ဦး၏ တောင်းဆိုချက်အရ ဆောင်းပါးထဲတွင် ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပေ။)
၎င်းတို့နှစ်ဦးစလုံးသည် အစုအဖွဲ့များကို ဦးဆောင်နေသူများဖြစ်သော်လည်း ကိုယ့်ကိုယ်ကိုယ်မူ Leader မဟုတ်ဘဲ သာမန်ရင်းနှီးမြှုပ်နှံသူသာဖြစ်သည်ဟု ငြင်းဆိုကြသည်။
၎င်းတို့နှစ်ဦးစလုံးသည် ငွေကျပ်သိန်းထောင်ချီ ထည့်ဝင်ထားသူဖြစ်ပြီး ၎င်းနှင့် ရင်းနှီးပတ်သက်ရာ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့်လည်း အစုအဖွဲ့တစ်ခုကို ဖွဲ့ထားပြီး ဦးဆောင်နေသူဖြစ်သည်။
ရင်းနှီးထည့်ဝင်လာအောင် စည်းရုံခြင်းဖြင့် Leader သည် အကျိုးအမြတ် ၀ ဒသမ ၅ ရာခိုင်နှုန်း ရရှိခံစားရသည်။
ဥပမာ သိန်းတစ်ရာကျပ် ရင်းနှီးမြှပ်နှံမည့်သူတစ်ဦးကို စည်းရုံသိမ်းသွင်းနိုင်ပါက ၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည့် ငါးသောင်းကျပ်ကို စည်းရုံးပေးသူက လစဉ် ရရှိသည်။ ငွေပမာဏများလေလေ ရင်းနှီးသူများလေလေ အကျိုးအမြတ် ပိုရလေလေ ဖြစ်သည်။
သိန်းတစ်ရာကျပ် ရင်းနှီးသူ ၁၀ ဦး ရှာဖွေစည်းရုံးနိုင်ပါက စည်းရုံးပေးသူက တစ်လလျှင် ကျပ်ငါးသိန်း လစဉ်ရရှိနေမည်ဖြစ်သည်။
တနင်္သာရီတိုင်း၏ Leader မည်သူဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးစလုံးအား Dawei Watch က မေးမြန်းခဲ့သော်လည်း အဖြေတိတိကျကျမရပေ။
“(၀ ဒသမ ၅) ရာခိုင်နှုန်းစားရတဲ့သူတိုင်း Leader လို့ ပြောနိုင်တယ်” ဟု ထားဝယ်ဒေသခံ ဦးဆောင်သူက ဆိုသည်။
ဆိုလိုသည်မှာ ထိုကဲ့သို့ အကျိုးမြတ်အဆင့်ဆင့် မက်လုံးပေးပြီး ရင်းနှီးမြှပ်နှံသူအသစ်များကို ရှာဖွေကြခြင်းဖြစ်သည်။
အထက်ပါပုဂ္ဂိုလ်နှစ်ဦးစလုံးကမူ မက်လုံးပေး စည်းရုံးခြင်းမရှိကြောင်း ငြင်းဆိုကြသည်။
Leader ဆိုသူများမှာ နှစ်သီးစားများဖြစ်သည်။
တစ်ဖက်တွင် ကိုယ်ပိုင်ငွေကြေးရင်းနှီးမြှုပ်နှံမှုမှလည်း လစဉ်အမြတ် ၁၅ ရာခိုင်နှုန်းရရှိသည့်အပြင် အခြားသူများကို စည်းရုံးပေးခြင်းမှလည်း ရင်းနှီးမြှပ်နှံထည့်ဝင်ငွေအပေါ်မူတည်ပြီးလည်း ရာခိုင်နှုန်းဖြင့် ရရှိနေကြခြင်းဖြစ်သည်။
သို့သော် ရာခိုင်နှုန်းရငွေမှာ ရင်းနှီးထည့်ဝင်သူတို့၏ ငွေကြေးဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲပေးရခြင်း၊ စာရင်း ထိန်းသိမ်း ပေးရခြင်းတို့အတွက် ကောက်ခံသည့် ငွေကြေးသာဖြစ်ကြောင်း ထားဝယ်ဒေသခံ ဦးဆောင်သူက ပြောသည်။
“ကျွန်တော်မှာဆိုရင် စာရင်းဇယားလုပ်ဖို့ လူနှစ်ယောက်ကိုငှားထားရတယ်။ အဲဒီရာခိုင်နှုန်းရတဲ့ငွေနဲ့ပဲ ငှားထားတာ” ဟု ၎င်းကဆိုသည်။
အထက်ပါအခြေအနေတို့မှာ ၂၀၂၅ ခုနှစ် ဧပြီလမတိုင်မီအထိ အခြေအနေဖြစ်သည်။
ဒေါက်တာညီညီဆွေ အဖမ်းခံရသည့် ကောလာဟလ
ဧပြီလထဲတွင်မူ ဒေါက်တာညီညီဆွေအဖမ်းခံရသည်ဆိုသည့် အတည်မပြုနိုင်သောသတင်း Forex Trading လောကထဲ ပျံ့နှံလာခဲ့သည်။
ဒေါက်တာညီညီဆွေအား ရန်ကုန်တိုင်း အင်းစိန်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့ရုံး (အင်းစိန် CID) တွင် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေခြင်းဖြစ်ကြောင်း ပျံ့နှံ့လာခြင်းဖြစ်သည်။
ထိုအချိန်မှစပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့က ရင်းနှီးငွေ ထုတ်ပေးသူများကို အမြတ်ငွေ (profit) များ ထုတ်မပေးတော့ပေ။

မေလ ၁၉ ရက်တွင်မူ ဒေါက်တာညီညီဆွေ၏ ဇနီးဖြစ်သူ Zin Mar Oo ၏ Facebook အကောင့်မှ ပို့စ်တစ်ခုတင်လာသည်။
၎င်း၏အမျိုးသား ဒေါက်တာညီညီဆွေကို သက်ဆိုင်ရာက စိစစ်မေးမြန်းနေသောကြောင့် ထိုကိစ္စပြီးမှ Trading လုပ်ငန်းများ ပြန်လုပ်နိုင်မည်ဖြစ်ပြီး ရင်နှီးငွေများ၊ အမြတ်ငွေများအားလုံး ပေးသွင်းနိုင်မည်ဖြစ်ကြောင်း ရေးသာထားသည်။
ဒေါက်တာညီညီဆွေကိစ္စနှင့်ပတ်သက်၍ ဇနီးဖြစ်သူထံ Dawei Watch က ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။
အချို့ကမူ ဒေါက်တာညီညီဆွေသည် အဖမ်းခံရသည်ဟု အကြောင်းပြပြီး မြန်မာတစ်ပြည်လုံးက ရင်းနှီးထည့်ဝင်ထားသော ငွေကျပ်သိန်းပေါင်း မြောက်များစွာကို ငွေထုပ်ပိုက် လိမ်လည်ထွက်ပြေးသွားပြီဟု ထင်ကြေးပေးကြသည်။
သို့သော် ဒေါက်တာညီညီဆွေ အဖမ်းခံရခြင်း ရှိ မရှိ၊ လိမ်လည်ထွက်ပြေးခြင်း ဟုတ်၊ မဟုတ်ကို အင်းစိန် CID ထံ ဆက်သွယ်မေးမြန်းရန် ခက်ခဲလျက်ရှိသည်။
တနင်္သာရီတိုင်းက Trading လောကသားများကမူ ဒေါက်တာညီညီဆွေအား စစ်ဆေးရန် CID က ယာယီထိန်းသိမ်းထားသည်မှာ မှန်ကန်ကြောင်း တထစ်ချ ယုံကြည်နေကြသည်။
ထားဝယ်နှင့် မြိတ်ဒေသခံ Leader ဟုဆိုသူ နှစ်ဦးကမူ ဒေါက်တာညီညီဆွေအဖမ်းခံရသည်နှင့်ပတ်သတ်ပြီး အကြောင်းပြချက် သုံးခုပေးသည်။
ပထမတစ်ခုမှာ ကမ္ဘာ့ငွေကြေးဈေးကွက်၊ ဒုတိယမှာ ငလျင်ကြောင့်ဖြစ်ပြီး တတိယအချက်မှာ ဒေါက်တာညီညီဆွေထံ ရင်းနှီငွေထည့်ဝင်ထားသူများထဲ စစ်ကောင်စီအရာရှိကြီးများ ပါဝင်နေခြင်းဖြစ်ပြီး ၎င်းအရာရှိများကို အမြတ်ငွေထုတ် မပေးနိုင်သည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။
တရုတ်နှင့် အမေရိကန်တို့၏ အခွန်စစ်ပွဲကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်ကာ ဒေါက်တာညီညီဆွေ၏ ရင်းနှီးမြှုပ်နှံမှုများ အရှုံးပေါ်ခဲ့သည်ဟုဆိုသည်။ ထိုကဲ့သို့ အခွန်စစ်ပွဲဖြစ်ပွားနေချိန် မြန်မာနိုင်ငံတွင် ငလျင်ဘေး ဖြစ်ပွားလာခဲ့သည်။
မန္တလေးဇာတိ ဒေါက်တာညီညီဆွေမှာ အခွန်စစ်ပွဲကြောင့် အရှုံးပြနေချိန် ငလျင်ကြောင့် ဆုံးရှုံးမှုကြီးခဲ့သည့် စစ်ကောင်စီ အရာရှိများက ဒေါက်တာညီညီဆွေထံမှ လစဉ် ၁၅ ရာခိုင်နှုန်း အမြတ်ကို တောင်းခံခဲ့သည်ဟုဆိုသည်။
ယင်းအပေါ် အမြတ်ငွေမပေးနိုင်သဖြင့် Trading ဖခင်ကြီး ဒေါက်တာညီညီဆွေအား စစ်ဆေးရန် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဆိုသည်။
ယင်းကဲ့သို့ ဆုံးရှုံးခဲ့ရသဖြင့် စစ်ကောင်စီအရာရှိကြီးများကို ပေးရမည့် လစဉ် ၁၅ ရာခိုင်နှုန်းအမြတ်ငွေ မပေးနိုင်သဖြင့် ဖမ်းဆီးခံရသည်ဟု ဆိုသည်။
ဒေါက်တာညီညီဆွေနှင့်အတူ အနီးကပ် Leader ၂၆ ယောက်လည်းအဖမ်းခံရပြီး နောက်ပိုင်း Leader များကို ပြန်လွှတ်ပေးခဲ့သည်ဟု ထားဝယ်နှင့် မြိတ်ဒေသခံ Leader ဟုဆိုသူ နှစ်ဦးက ဆိုသည်။
“ဒေါက်တာညီညီဆွေ ထွက်ပြေးသွားပြီးဆိုတာ မဟုတ်ပါဘူး။ စစ်ဆေးခံနေရတာ။ စစ်ဆေးတယ် ဆိုတာကလည်း အခုက ရမန်ကာလပဲရှိသေးတယ်။ အမှုတွေဘာတွေ ဖွင့်ထားတာလည်းမရှိသေးဘူး” ဟု စစ်ဆေးခံရပြီး ပြန်လွတ်လာသည့် Leader တို့နှင့် နီးစပ်သူ (လက်ရှိရန်ကုန်မြို့တွင်နေသော) ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။
(မှတ်ချက်- ရမန်ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးအား ၂၄ နာရီထက်ပိုမို ချုပ်နှောင်ခွင့်ရရန်အတွက် တောင်းခံရသည့် တရားရေးလုပ်ထုံး၊ လုပ်နည်းဖြစ်သည်။)
၎င်းထားဝယ်ဒေသခံမှာ ဒေါက်တာညီညီဆွေအတူ စစ်ဆေးခံရပြီး ပြန်လွတ်လာသည့် Leader ကြီးများနှင့်ရော၊ ဒေါက်တာညီညီဆွေ၏ ဇနီးနှင့်ပါ အဆက်အသွယ်ရှိသူဖြစ်သည်ဟု ဆိုသည်။
အဖြေမရှိသေးသည့် ပုစ္ဆာ
လတ်တလော ကိုညီနှင့် မလဲ့လဲ့တို့လို ရင်းနှီးထည့်ဝင်ထားသူများ သိချင်ဆုံးအရာမှာ ၎င်းတို့ရင်းနှီးထားသည့်ငွေနှင့် အမြတ်များ မည်သည့်အချိန်တွင် ပြန်ရမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
အောက်ခြေရင်းနှီးထည့်ဝင်ထားသူတို့က ၎င်းတို့အထက်တွင်ရှိသော Leader များကို ၎င်းတို့၏ ရင်းနှီးငွေများပြန်ပေးရန် တောင်းဆိုနေကြသည်။
သို့သော် ငွေများပြန်မရကြသည့်အပြင် Leader အချို့၏ ဖုန်းများစက်ပိတ်ထားလိုက်ကြသည်ဟု ဆိုသည်။
ကိုညီနှင့် မလဲ့လဲ့တို့၏ Leader တို့မှာလည်း တစ်ခါတရံဖုန်းဝင်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိဟုဆိုသည်။
Dawei Watch နှင့် စကားပြောခဲ့သူ Leader ဟုဆိုနိုင်သူကမူ “Leader ဆိုသူတွေသည် ငွေကိုင်တဲ့သူတွေ မဟုတ်ဘူး။ ကြားကနေ transactions လွယ်ကူအောင်လုပ်ထားတဲ့သဘောပဲရှိတယ်။ နေ့စဉ်ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို စားရင်းဇယားနဲ့တကွ ဆရာ(ဒေါက်တာညီညီဆွေ) ဆီ လွှဲပေးရတယ်” ဟုပြောဆိုသည်။
ဆိုလိုသည်မှာ အောက်ခြေရင်းနှီးသူတို့၏ ငွေများထုတ်ပေးရန် မရှိကြပေ။
Leader များသည် ဒေါက်တာညီညီဆွေမှာ လူလိမ်တစ်ယောက်မဟုတ်ကြောင်းနှင့် စိတ်ရှည်ရှည်ထားပြီး ဒေါက်တာညီညီဆွေ ပြန်လွတ်လာမည့်အချိန်သာ စောင့်ဆိုင်းရန် အတွင်တွင်ပြောဆိုနေကြသည်။
လတ်တလောတွင် ဒေါက်တာညီညီဆွေသည် ရင်းနှီးသူ လူသစ်များကိုလည်း လက်မခံရန်အပါအဝင် ၎င်း၏ Trading လုပ်ငန်းအားလုံး ရပ်နားထားရန် ညွှန်ကြားထားကြောင်း Leader ဆိုသူတို့က ပြောသည်။
ဒေါက်တာညီညီဆွေ ပြန်လွတ်လာပါက ရင်းနှီးထည့်ဝင်ငွေနှင့် အမြတ်များအားလုံးကို ရှင်းပေးမည်ဖြစ်ကြောင်း ပျားရည်နှင့် ဝမ်းချနေကြသည်။
တနင်္သာရီတိုင်းသား ရင်းနှီးထည့်ဝင်ထားသူများ အသိချင်ဆုံးဖြစ်သည့် မည်သည့်အချိန်တွင် ၎င်းတို့၏ ရင်းနှီးငွေများ ပြန်ရမလဲဆိုသည့် မေးခွန်းကိုမူ Leader ဟုဆိုနိုင်သော ထားဝယ်ဒေသခံက အောက်ပါအတိုင်းဖြေဆိုခဲ့သည်။
“အဲဒီအတွက်အဖြေက ဒေါက်တာညီညီဆွေဆီမှာပဲ ရှိတယ်”
ဘဝကို ပုံအောထားသည့် ကိုညီတို့လို ရင်းနှီးသူတို့အဖို့မှာ ဒေါက်တာညီညီဆွေ ပြန်ပေါ်လာမည့်နေ့ကို မျှော်ရုံသာ ရှိတော့သည်။ မပေါ်လာလျှင်မူ ကိုယ့်ရင်းနှီးငွေအတွက်လည်းပူရ၊ ကိုယ်တိုင် ဆွယ်ပေးထားသူများအတွက်လည်း ပူပန်ရမည့် ကိန်းဆိုက်နေသည်။