BREAKING
May 12, 2025

တနင်္သာရီတိုင်းတွင် ရုရှားဘာသာစကားသင်တန်းဖွင့်ရန် တိုင်းစစ်ကောင်စီလုပ်ဆောင်

May 12, 2025

ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရည်ရွယ်၍ စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရက ရုရှားဘာသာစကားသင်တန်းကို ဖွင့်ရန်စီစဉ်နေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။

တနင်္သာရီတိုင်း၏ စစ်ကောင်စီခန့် တိုင်းရင်းသားရေးရာဝန်ကြီးက အဆိုပါသင်တန်းကို စီစဥ်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၃ ရက်မှ ဇွန်လ ၅ ရက်အထိ ထားဝယ်မြို့ ၊ ဆန်းချီရပ်ကွက်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှူးရုံးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ယင်းသင်တန်းကို အများပြည်သူသိရှိနိုင်ရန် ကြော်ငြာခြင်းမျိုးမဟုတ်ဘဲ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး၍ ခေါ်ယူနေကြောင်း အမည်မဖော်လိုသည့် တနင်္သာရီတိုင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

” တစ်ဌာနကို ဘယ်လောက်(ဦးရေ) ဆိုပြီးခေါ်တာတော့မဟုတ်ဘူး။ တက်ချင်တဲ့သူကိုပဲခေါ်တာ။ ကျောင်းတွေကိုလည်း စာအကုန်ပို့ထားပြီးပြီ။ သင်တန်းကို Public မှာတော့မကြေညာဘူး။ တက်မယ့်သူစာရင်း အတိအကျမသိရသေးပေမယ့် တက်မယ့်သူများတယ်လို့တော့ သိထားတယ်” ဟု ၎င်းကပြောသည်။

တက္ကသိုလ် ကျောင်းသားကျောင်းသူများ အချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြသည့် လူမှုကွန်ရက် group များတွင်လည်း ယင်းရုရှားဘာသာစကား သင်တန်း တက်ရောက်လိုပါက စာရင်းပေးနိုင်ကြောင်း ကြော်ငြာကြသလို လာရောက်စာရင်းယူခြင်းလည်းရှိကြောင်း ကျောင်းသားတစ်ဦး ကပြောပြသည်။

သင်တန်းကို ကျောင်းသားကျောင်းသူများ အတွက် တနင်္လာနေ့မှ သောကြာနေ့အထိ ၉နာရီမှ ၁၂ နာရီအတွင်း ပို့ချမည်ဖြစ်ပြီး ဝန်ထမ်းများအတွက် ညနေ ၄ နာရီခွဲမှ ၆နာရီအတွင်းပို့ချမည့် အပြင် ပိတ်ရက်တွင်လည်း ၉ နာရီ မှ ၁၁ နာရီအထိ နှင့် နေ့လယ် ၁ နာရီ မှ ၃ နာရီအထိ ပို့ချမည်ဟု သင်တန်းအချိန်ဇယားတွင် ဖော်ပြထားသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက ထားဝယ်ရေနက်ဆိပ်ကမ်း ကို ပြန်စတင်နိုင်ရန် ရုရှားနိုင်ငံနှင့် နားလည်မှု စာချွန်လွှာရေးထိုးခဲ့သည်။

ယင်းနောက် ဒေသတွင်း အဖွဲ့အစည်းများက စီမံကိန်း နှင့်ပတ်သက်၍ ကန့်ကွက်မှုများရှိနေသော်လည်း စစ်ကောင်စီဘက်က အထူးစီးပွားရေးဇုန် ဒေသကို နယ်မြေရှင်းလင်းခြင်းများ ပြုလုပ်နေပြီး ယင်းဒေသတွင် တော်လှန်ရေးအင်အားစုများနှင့် နှစ်ဘက် တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပေါ်နေသည်။