ထားဝယ်တွင် မွေးကင်းစကလေး အခြားသူများထံ မွေးစားရန် ပေးအပ်မှု ဆက်တိုက်ဖြစ်နေကြောင်း ကလေးမွေးစားသူများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်း ထားဝယ်မြို့ ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၌ ကလေးမွေးပြီး မွေးကင်းစကလေးကို မိခင်ရင်းက အခြားသူများထံ ပေးအပ်ခဲ့မှု နှစ်ခုရှိကြောင်း ကလေးကိစ္စတွင် ကူညီပေးခဲ့သည့် ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ငလျင်မတိုင်ခင် တစ်ပတ်လောက်မှာပဲ ကျွန်တော်တို့ သွေးလှူသွားရင်းနဲ့ ကလေးကို အမျိုးသမီးတစ်ဦးက ကလေးမွေးပြီး ၄ ရက်ပဲရှိသေးတယ်၊ ပေးခဲ့တယ်။ ကျွန်တော်တို့က ကလေးကို မယူရင် ခင်ဗျားဘာလုပ်မှာလဲလို့မေးတော့ စွန့်ပစ်မယ်လို့ သူကပြောလို့ ကျွန်တော်တို့ ယူခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
ကလေးမိခင်မှာ လောင်းလုံးမြို့နယ် — ကျေးရွာကဖြစ်ပြီး အဆိုပါအမျိုးသမီး မွေးဖွားခဲ့သည့်ကလေးမှာ မိန်းကလေး ဖြစ်ကာ ယခုလက်ရှိ ထားဝယ်မြို့ ဇလွန်းကျောင်းဆရာတော်က တာဝန်ယူစောင့်ရှောက်ထားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။
မတ်လအတွင်း၌ပင် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၌ ကလေးမွေးပြီး မိခင်က ပေးခဲ့သည့်ဖြစ်စဉ် နောက်ထပ်တစ်ခုလည်း ရှိသေး ကြောင်း ဆေးရုံနှင့် နီးစပ်သူများထံမှသိရသည်။
ယင်းကလေးကိုလည်း ဆရာတော်တစ်ပါးက စောင့်ရှောင်ရန်လာရောက် ခေါ်ယူသွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
၂၀၂၃ ခုနှစ်တွင်လည်း ထားဝယ်မြို့ရှိ ခုတင် ၅၀ စစ်တပ်ဆေးရုံ၌ ကလေးမိခင်က မွေးကင်းစကလေးကို ပေးခဲ့ကြောင်း အထက်ပါ ပရဟိတအသင်းတာဝန်ရှိသူက ပြောဆိုသည်။
“အဲဒီတုန်းကလည်း စွန့်ပစ်မယ်ဆိုလို့ ယူခဲ့ရတယ်။ သူကတော့ ယောင်္ကျားမရှိဘဲ ကလေးမွေးခဲ့တာပါ” ဟု ၎င်းက ပြောသည်။
မိခင်ဖြစ်သူမှာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပြီး မွေးကင်းစကလေးကိုမူ ထားဝယ်မြို့ ဇလွန်ကျောင်း ဆရာတော်က ကျွေးမွေးစောင့်ရှောက်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။