BREAKING
May 12, 2025

ဒီပဲယင်းတွင် စာသင်ကျောင်းကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးငယ်များအပါအဝင် ၁၇ ဦးသေဆုံး

May 12, 2025

ဓာတ်ပုံ - အဖြူရောင် (D.P.Y)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ယနေ့ နံနက် ၁၀နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကျောင်းသား၊ ကျောင်းသူ အများစု အပါအဝင် ၁၇ ဦးသေဆုံးကြောင်း စစ်ကိုင်းအခြေစိုက် S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ပေးရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ မေလ ၁၂ရက်တွင် မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၊ ကျောင်းသားကျောင်းသူများ အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားကြသည်။

လတ်တလောတွင် သေဆုံးသူ ၁၇ဦးကို အတည်ပြုထားနိုင်ပြီး သေဆုံးသူ ထပ်တိုးလာနိုင်သေးကာ ဒဏ်ရာရရှိသူ ၅၀ခန့်ရှိကြောင်းလည်း S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ပေးရေးအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

သေဆုံးသူများတွင် ဆရာမအချို့ပါဝင်ကြောင်းလည်း ပြည်တွင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားကာလပညာသင်ကျောင်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ပြိုကျပျက်စီးသွားပြီး သွေးစွန်းနေသော ကျောင်းဝတ်စုံ အဖြူအစိမ်းများ၊ ကျောင်းသားကျောင်းသူများ၏ ဖိနပ်များ၊ ကျောင်းသား၊ ကျောင်းသူ ၁၀ ခန့်၏ ရုပ်အလောင်းများကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။