အတုအယောင်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ စစ်အုပ်စုက ဧပြီလဆန်းမှာ လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့စည်းခဲ့ပေမဲ့ စစ်ခေါင်းဆောင်တွေကိုပဲ ဘောင်းဘီချွတ်ရာထူးပြောင်းခဲ့တာကြောင့် လူထုအကြား လှောင်ပြောင်မှုတွေ မြင့်တက်နေခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုကနေ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းလိုက်တဲ့အတွက် အသွင်းပြောင်း စစ်အစိုးရလို့ပဲ ခေါ်နေကြပါတယ်။
ဒီလိုပါပဲ တနင်္သာရီတိုင်းမှာလည်း ဧပြီ ၁၀ ရက်နေ့မှာ တိုင်းစစ်အစိုးရအဖွဲ့ ပေါ်လာခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ လူယုံ အင်ဂျင်နီယာစစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးဇော်နိုင်ဦးက ဝန်ကြီးချုပ်အဖြစ် တိုင်းစစ်အစိုးရကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးနေရာ အများစုကလည်း စစ်အုပ်စုနဲ့ မကင်းတဲ့သူတွေပါပဲ။
တိုင်းစစ်ကော်မရှင်မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဖြစ်နေတဲ့ ဗိုလ်မှူးကြီး သိန်းဇော်မြင့်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ စီးပွားရေးဝန်ကြီး ဦးမောင်ကြီးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာတို့က နေမြဲအတိုင်း တိုင်းစစ်အစိုးရမှာ နေရာပြန်ရပါတယ်။
အာဏာသိမ်းဖြစ်စဉ်တစ်လျှောက်ပါခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း စစ်အရာရှိဟောင်း ဦးမြတ်ကိုနဲ့ သယံဇာတဝန်ကြီး ရဲအရာရှိဟောင်း ဦးခင်မောင်မြင်ကတော့ စစ်အုပ်စု တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုက္ကဋ္ဌ ဖြစ်လာပါတယ်။
တိုင်းစစ်အစိုးရဖွဲ့ပြီးတဲ့နောက်မှာ အရာရာက ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဆိုတာ ပြသနိုင်ဖို့ အနီးဆုံးပွဲတော်က မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ပါပဲ။
ဒါကြောင့်လည်း တနင်္သာရီတိုင်းမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားဖြစ်အောင်လုပ်ဖို့ တိုင်းစစ်အစိုးရက ရည်မှန်လုပ်ဆောင်လာပါတယ်။
ပြည်သူတွေကတော့ ၅ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ပဋိပက္ခဒဏ်အပြင် လောင်စာဆီဂယက်ကြောင့် ဝမ်းရေးခက်ခဲလာနေပါပြီ။ အထူးသဖြင့်တော့ အခြေခံလူတန်းစားတွေက ပိုပြီးခက်ခဲကျပ်တည်း နေတာပါ။
တိုင်းအတွင်းက မြို့ပေါ်နေရာတွေကလွဲရင် ကျန်နေရာအများစုကတော့ စစ်ဒဏ်ခံထားရတာကြောင့် မီးလောင်ပြင်တွေ၊ လူသူကင်းမဲ့နေတဲ့ရွာတွေ၊ စစ်ဘေးရှောင်နေရသူတွေ၊ အလုပ်အကိုင် ခက်ခဲပြီး စားရေးပူပန်နေရသူတွေကိုသာ တွေ့မြင်နေရပါတယ်။
စစ်အုပ်စုဖြစ်စေချင်တဲ့ ပြည်သူတွေ ပျော်ပျော်ပါးပါး ဆင်နွှဲနေတဲ့ သင်္ကြန်ပွဲကတော့ မြို့ပေါ်နေရာ ကွက်ကွက်လောက်သာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း စစ်အစိုးရသစ်က မြို့ပေါ်တွေမှာ ဟန်ပြသင်္ကြန်တွေ ပေါ်လာဖို့ ကြိုးစားလုပ်ဆောင်နေပုံပါပဲ။
ထားဝယ်သင်္ကြန်
တိုင်းစစ်အစိုးရရုံးစိုက်တဲ့ ထားဝယ်မြို့မှာ အခုနှစ်သင်္ကြန်အတွက် ဖျော်ဖြေရေးမဏ္ဍပ် ငါးခု ဆောက်ထားပါတယ်။
တိုင်းရဲတပ်ဖွဲ့ရုံးနဲ့ မြို့တော်ခန်းမအနီးမှာ ဗဟိုမဏ္ဍပ်၊ တိုင်းလျှပ်စစ်ရုံးဝင်းထဲမှာ လျှပ်စစ်ဌာနမဏ္ဍပ်၊ တိုင်းအစိုးရရုံးရဲ့ ကျောဘက်မှာ ဆောက်လုပ်ရေးဌာနမဏ္ဍပ်၊ သပြေချောင်းရွာ တပ်နယ်ထဲက အမှတ် ၈ စစ်အာဏာရှင်တပ် ကွပ်ကဲမှုဌာနချုပ်မှာ တပ်နယ်မဏ္ဍပ်နဲ့ ကမ်းနားလမ်းမှာ တိုင်းရင်းသားမဏ္ဍပ်တွေ စီစဉ်ထားတာပါ။
ဒါဟာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီပြန်လုပ်တဲ့ သင်္ကြန်ကနေ ပြန်ရေတွက်ကြည့်ရင် မဏ္ဍပ်အများဆုံးနှစ် ဖြစ်ပါတယ်။
အရင်နှစ်တွေက ထားဝယ်မြို့ပေါ်မှာ မဏ္ဍပ်နှစ်ခု၊ သုံးခုလောက်သာ ဆောက်နိုင်ခဲ့တာလို့ စစ်ကော်မရှင်ရဲ့ သင်္ကြန်ပွဲတွေကို စီစဉ်ရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အခုနှစ်မဏ္ဍပ်ငါးခုမှာ လှည့်ပတ်ဖျော်ဖြေဖို့ နိုင်ငံကျော် သရုပ်ဆောင်၊ နိုင်ငံကျော် တေးသံရှင်၊ ဒေသက တေးသံရှင်၊ DJ စတဲ့ ဖျော်ဖြေမယ့်သူ အားလုံးပေါင်း နှစ်ဆယ်ဝန်းကျင်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
“ပထမဆုံး သင်္ကြန်ပြန်လုပ်တဲ့နှစ်မှာ စစ်တပ်ကို ဘယ်သူမှ အရောမဝင်ချင်လို့ KTV က ကောင်မလေးတွေနဲ့ တီးဝိုင်းငှားပြီးစတယ်။ နောက်နှစ်တွေမှ ထားဝယ်က အဆိုတော်အချို့ လာပူးပေါင်းတယ်။ ကြားထဲမှာ တစ်နှစ် ထူးအယ်လင်းက ခရီးသွားဟန်လွဲ တစ်နှစ်လာသေးတယ်။ အဆိုတော်တွေအများကြီးနဲ့က မနှစ်ကတည်းက စီစဉ်ပြီး ငလျင်ကြောင့် မလုပ်လိုက်ရဘူး။ အခုနှစ်မှ အဲဒီစီစဉ်ထားတာကို လုပ်တာ” လို့ တိုင်းစစ်အစိုးရနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အခုနှစ်မှာ ယိမ်းအဖွဲ့ဆိုရင်လည်း ၁၆ ဖွဲ့အထိ ပါဝင်မှာဖြစ်ပြီး တက္ကသိုလ်နဲ့ ကောလိပ်က ယိမ်းအဖွဲ့တွေကို ဧည့်ခံကြိုဆိုရေးမှာ နေရာချထားမယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။
ထားဝယ်သံချပ်ကိုလည်း ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ စစ်အစိုးရရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကတော့ သင်္ကြန်မှာ သံချပ်မထိုးရဘူးလို့ ညွှန်ကြားထားပါတယ်။
သံချပ်က သင်္ကြန်ကာလ သင်္ကေတတစ်ခုဖြစ်ပြီး အစိုးရတွေ၊ လူ့အဖွဲ့အစည်းတွေကို ဖျော်ဖြေရေးကဏ္ဍကတစ်ဆင့် ဝေဖန်ထောက်ပြရေး ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုကွပ်ကဲမှုအောက်မှာ စီစဉ်တဲ့ ထားဝယ်သံချပ်ကတော့ ဘယ်လောက်အတိုင်းအတာအထိ ဝေဖန်ထောက်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။
အထက်ပါ ထားဝယ်သင်္ကြန်အစီအစဉ်တွေကိုတော့ တိုင်းအစိုးရရဲ့ ဘဏ္ဍာငွေထဲကနေ ထုတ်သုံးပြီး တိုင်းစစ်အစိုးရက ဦးဆောင်ကျင်းပတာပါ။
မြိတ်သင်္ကြန်
စစ်အာဏာရှင်တပ်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မြိတ်မြို့မှာတော့ ဖျော်ဖြေရေးသင်္ကြန်မဏ္ဍပ်ငါးခုနဲ့ ရပ်ကွက်တိုင်း ရေကစားမဏ္ဍပ်တွေ ရှိမယ်လို့ သိထားရပါတယ်။
မြိတ်မြို့ ဦးမြတ်လေးပန်းခြံတွင် ဗဟိုမဏ္ဍပ်၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်စျေး စတဲ့ နေရာတွေမှာ ဖျော်ဖြေရေးမဏ္ဍပ်တွေ ရှိကြမှာပါ။
အခုနှစ် မြိတ်သင်္ကြန် အရင်နှစ်တွေထက် ပိုစည်နိုင်တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
“မနှစ်ကထက်တော့ ပိုပျော်ရမယ်ထင်တယ်။ မနှစ်က ဗဟိုမဏ္ဍပ်ကလွဲပြီး ရပ်ကွက်တွေမှာမရှိဘူး။ အခုနှစ်က ရပ်ကွက်တစ်ခုစီမှာ ရေကစားမဏ္ဍပ်တစ်ခု ရှိမယ်” လို့ မြိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ထားဝယ်သင်္ကြန်လို မြိတ်သင်္ကြန်မှာ နိုင်ငံကျော်အဆိုတော်၊ သရုပ်ဆောင်တွေ မလာပေမဲ့ ယိမ်းအဖွဲ့တွေနဲ့ ဒေသတွင်း တေးသံရှင်တွေက အလှည့်ကျဖျော်ဖြေမှုတွေတော့ ထည့်ထားတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
ဒါ့အပြင် မြိတ်သင်္ကြန်ကို လူမှုကွန်ရက်မှာ ရှာဖွေစူးစမ်းကြည့်ရာ Private သင်္ကြန် (သီးသန့်သင်္ကြန်) အစီအစဉ်တွေနဲ့ လက်မှတ်တွေ ရောင်းချနေတာကိုလည်း အများအပြား တွေ့ရပါတယ်။
အဲဒီ Private သင်္ကြန်တွေမှာဆိုရင် DJ အစီအစဉ်တွေနဲ့ အရက်၊ ဘီယာ စတဲ့ ကဏ္ဍတွေအတွက် လက်မှတ်တွေက ကျပ်သောင်းဂဏန်းကနေ ငါးသိန်းဝန်းကျင်အထိ စျေးအမျိုးမျိုးရှိတာကို တွေ့ရပါတယ်။
“အဲဒီ Private သင်္ကြန်လုပ်မယ့်နေရာတွေက သီးသန့်နေရာတွေ ဖြစ်နေတာများတယ်။ ကျွန်တော်သိတဲ့ တစ်ခုဆိုရင် လူနဲ့ရော လမ်းမနဲ့ရော ဝေးတယ်။ အီးတွေ၊ ကေတွေ (မူးယစ်ဆေး) ပါ ပါလာနိုင်တယ်။ တချို့လည်း ရိုးရိုးသားသားပဲ လုပ်တာမျိုး ရှိပါတယ်။ မိသားစုနဲ့ သီးသန့်နားချင်သူတွေအတွက်ပေါ့” လို့ မြိတ်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
Private သင်္ကြန်တွေရဲ့နေရာက ဟိုတယ်တွေနဲ့ သီးသန့်ပြင်ဆင်ထားတဲ့ နေရာတွေမှာ စီစဉ်ထားတာကို တွေ့ရပါတယ်။
နောက်ထပ် တိုင်းထဲက ခရိုင်မြို့တစ်မြို့ဖြစ်တဲ့ ကော့သောင်းသင်္ကြန်မှာလည်း နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင်နဲ့ ဒေသခံဖျော်ဖြေသူ ဦးရေဆယ်ဂဏန်းလောက်က ဖျော်ဖြေကြဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာထားပါတယ်။
ကော့သောင်းသင်္ကြန်
ကော့သောင်းသင်္ကြန်မှာတော့ လုပ်ငန်းရှင်တချို့က စပွန်ဆာပေးထားတာ ရှိပါတယ်။
မဏ္ဍပ်အားဖြင့် ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုကို ကော့သောင်းမြို့ ဆိပ်ကမ်းသာပန်းခြံမှာ ဆောက်ထားပြီး ရေကစားမဏ္ဍပ်တွေကတော့ မြို့အနှံ့ ရှိကြမှာပါ။
ထိုင်း-မြန်မာ နယ်စပ်ကော့သောင်းမြို့ သင်္ကြန်ကတော့ ယမန်နှစ်တွေကတည်းက တိုင်းထဲက အခြားမြို့တွေထက် စည်ကားတာကို မှတ်တမ်းတွေအရ ပြန်ကြည့်နိုင်ပါတယ်။
လမ်းလျှောက်သင်္ကြန်
အရှေ့အလယ်ပိုင်း စစ်မီးဂယက်ကြောင့် ဖေဖော်ဝါရီလလောက်ကတည်းက တနင်္သာရီတိုင်းအပါအဝင် မြန်မာတစ်ပြည်လုံး စက်သုံးဆီအခက်အခဲ ကြုံနေရတာပါ။
အဲဒီအခက်အခဲကြားမှာ စစ်ခေါင်းဆောင်ရဲ့ ဝတ်စုံပြောင်း နန်းတက်ပွဲနဲ့ အခါတော်သင်္ကြန်ကလည်း အချိန်ကျရောက်လာပါတယ်။
စစ်ခေါင်းဆောင်ဟာ စက်သုံးဆီအခက်အခဲ ကြုံနေရတာကြောင့် သင်္ကြန်မှာ အလှပြယာဉ်တွေ၊ ရေပက်ခံကားတွေနဲ့ သင်္ကြန်မလည်ကြဖို့ စစ်ကော်မရှင်ဥက္ကဋ္ဌဘဝမှာ ရှိနေစဉ် မတ်လလောက်က ပြောခဲ့ပါတယ်။
ဒါ့အပြင် နေပြည်တော်မှာ နိုင်ငံတော်အဆင့် လမ်းလျှောက်သင်္ကြန်ပြုလုပ်ဖို့ စစ်ခေါင်းဆောင်က သြဝါဒပေးပြီးနောက် တစ်နိုင်ငံလုံး ခရိုင်မြို့တွေအကုန် လမ်းလျှောက်သင်္ကြန်လုပ်မယ်လို့ စစ်အုပ်စုရဲ့ ရုပ်မြင်သံကြားတွေက သတင်းလွှင့်ခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာလည်း ထားဝယ်၊ မြိတ်၊ ကော့သောင်းနဲ့ ဘုတ်ပြင်း မြို့လေးမြို့မှာ လမ်းလျှောက်သင်္ကြန် လုပ်မှာလို့ သိထားရပါတယ်။
ထားဝယ်မြို့မှာ ဗဟိုမဏ္ဍပ်ရှိရာကနေ တိုင်းအားကစားကွင်းအထိ လမ်းလျှောက်သင်္ကြန်အတွက် စင်္ကြံနဲ့ ရေကစားဖို့ လောင်းလှေတွေ ပြင်ဆင်ထားတာ တွေ့ရပါတယ်။
မြိတ်မြို့မှာဆိုရင် လမ်းလျှောက်သင်္ကြန် နှစ်နေရာခွဲ ကျင်းပမှာ ဖြစ်ပါတယ်။
မြိတ်မြို့ ကမ်းနားလမ်း Market Garden Shopping Mall လမ်းဆုံမှ Myeik Shopping Center လမ်းဆုံထိ တစ်နေရာ၊ မြိတ်တောင်ရပ်ကွက်တွင် စန်းသီရိမီးပွိုင့်လမ်းဆုံမှ ထားဝယ်ကမ်းမီးပွိုင့်လမ်းဆုံအထိ တစ်နေရာ စုစုပေါင်း နှစ်နေရာမှာ လမ်းလျှောက်သင်္ကြန် ပြုလုပ်မှာ ဖြစ်ပါတယ်။
ဘုတ်ပြင်းမြို့မှာတော့ ဘုတ်ပြင်းမြို့တော်ခန်းမအနီး မြို့မစျေးကြီးအရှေ့မှာ ဗဟိုမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ကို တွဲလုပ်မှာလို့ သိရပါတယ်။
အလားတူ ကော့သောင်းမြို့မှာလည်း သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်အနီးက ဘုရင့်နောင်အငူရှေ့ လမ်းမမှာ လမ်းလျှောက်သင်္ကြန် ပြုလုပ်မှာပါ။
လမ်းလျှောက်သင်္ကြန် လုပ်ထားတဲ့နေရာတွေကို သင်္ကြန်ရက်ထဲမှာ ကား၊ ဆိုင်ကယ်တွေနဲ့ သွားလာလို့ မရဘူးလို့ ဆိုပါတယ်။
“လမ်းလျှောက်သင်္ကြန် သတ်မှတ်ထားတဲ့နေရာက လေးဖာလုံလောက်ပဲ ရှိတယ်။ အဲဒီနားကို ရေကစားဖို့လာရင်လည်း ဆိုင်ကယ်နဲ့လာရင် ဆိုင်ကယ်ဆီကုန်မှာပဲလေ။ အဲဒီတော့ ဆီကုန်သက်သာမှာတော့ မဟုတ်ဘူး။ လူစည်နေအောင် လမ်းလျှောက်ခိုင်းတဲ့ ပုံစံလိုမျိုး ဖြစ်သွားတာပေါ့” လို့ ကော့သောင်းမြို့ခံတစ်ဦးက ပြောပါတယ်။
တနင်္သာရီတိုင်းကတော့ ဆိုင်ကယ်အားပြုတဲ့ ဒေသဖြစ်တာကြောင့် နေပူပူမှာ လမ်းလျှောက်သင်္ကြန် ဆင်နွှဲဖို့တော့ အများစုက စိတ်မဝင်စားကြပါဘူး။ အရင်လို ဆိုင်ကယ်တွေနဲ့ လည်ပတ်ရမယ့် သင်္ကြန်မျိုးကိုပဲ မျှော်လင့်နေကြတာပါ။
သင်္ကြန်မှာ ပျော်ချင်တာပေါ့
စစ်အုပ်စုက ပုံဖော်နေတဲ့ သင်္ကြန်ဆိုတာက မြို့ပေါ်နေရာ ကွက်ကွက်ကလေးမှာ ကျင်းပနိုင်ဖို့ဆိုတာ တွေ့ရပါတယ်။
ဆယ့်နှစ်လရာသီပွဲတော်တွေမှာ သင်္ကြန်ပွဲတော်ဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပွဲတော်ဖြစ်သလို တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ကျင်းပတဲ့ ရက်ရှည်ရာသီပွဲတော်တစ်ခု ဖြစ်ပါတယ်။
သင်္ကြန်ဟာ တနင်္သာရီတိုင်းသားတွေအပါအဝင် မြန်မာတွေအဖို့ မွေးကတည်းက ထိတွေ့ခဲ့ရတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။
ဒါကြောင့် အမှတ်တရကိုယ်စီရှိတဲ့ သင်္ကြန်အခါတော်ရက် ရောက်လာရင် ပျော်ချင်ကြတာပါပဲ။
ဒါပေမဲ့ တိုင်းအတွင်းက မြို့ပေါ်နေရာအချို့ကလွဲရင် ဒေသအများစုကတော့ စစ်မီးတောက်နေလို့ သင်္ကြန်မှာ မပျော်နိုင်ကြပါဘူး။
ဒါ့အပြင် စစ်အာဏာရှင်တပ်က အချိန်မရွေး၊ အခါမရွေး ဗုံးလာကြဲနိုင်သလို ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်လာဖို့ရှိလို့ စိုးတထိတ်ထိတ်နဲ့ပဲ သင်္ကြန်ကာလကို ဖြတ်ကျော်ကြရဦးမှာပါပဲ။
တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူက ကိုးသောင်းနီးပါး ရှိသလို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရတာတွေ၊ ဗုံးကြဲလို့ နေအိမ်ပျက်စီးသွားတာတွေကြောင့် ပြန်စရာ အိမ်မရှိတော့သူတွေလည်း အများအပြားရှိနေပါတယ်။
နေရပ်စွန့်ခွာရတဲ့ အခြေအနေတွေကြောင့် သင်္ကြန်ကာလမှာ ပျော်ပါးဖို့ မဆိုထားလင့် ရိုးရာအစဉ်အလာ သိကြားမင်းကို ကြိုဆိုဖို့ သင်္ကြန်အတားအိုးထိုးတာတွေကိုတောင် မလုပ်နိုင်တော့လို့ ဒေသတွင်းမှာ အတာအိုးရောင်းအားပါ ဆက်တိုက်ကျဆင်းနေပါတယ်။
“နယ်မြေမအေးချမ်းတော့ အတာအိုးနဲ့ သင်္ကြန်ကြိုနေဖို့ထက် ရှင်သန်ဖို့ ပြေးလွှားနေရတယ်။ အဲဒီလိုရွာတွေက မနှစ်ကထက် များလာတယ်။ အခုဆို သရက်ချောင်းအောက်ပိုင်းမှာ ပိုများလာတယ်။ တစ်ရွာလောက် မဝယ်တော့ရင်တောင် ရောင်းအားတအား ကျသွားတယ်” လို့ ထားဝယ်မြို့ခံ အတာအိုးရောင်းသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုကြောင့် ပြိုကွဲခဲ့ရတဲ့ မိသားစုတွေ၊ လူမဆုံတော့တဲ့ မိသားစုတွေ၊ တစ်နယ်တစ်ကျေးမှာ ပုန်းရှောင်နေရသူတွေ၊ နိုင်ငံပြင်ပမှာ ရောက်နေသူတွေအတွက်လည်း အတိတ်က သင်္ကြန်ကိုသာ စိတ်မှာမှန်းပြီး လွမ်းဆွတ်ရုံသာရှိပါတယ်။
စစ်အုပ်စု ပုံဖော်နေတဲ့ စည်ကားတဲ့ သင်္ကြန်ဆိုတာကတော့ နိုင်ငံတကာကို မျက်လှည့်ပြဖို့ စီစဉ်ထားတဲ့ ဇာတ်ပွဲအဆင့်ပါပဲ။ ပြည်သူအများစုအတွက်တော့ အတုအယောင် အစိုးရနဲ့ အတုအယောင် သင်္ကြန်ကိုသာ ဖြတ်သန်းကြရမှာပါ။
မြို့ပေါ်လူအချို့ကတော့ ပြာပုံပေါ်က ဘဝတွေကိုမေ့ပြီး စစ်အုပ်စုရဲ့ သင်္ကြန်မှာ ဆင်နွဲကြမှာပါပဲလို့ ဒေသခံတွေကဆိုပါတယ်။
“ထွက်ဖို့လူကတော့ထွက်မှာပဲ။ ပျော်ဖို့လူကပျော်မှာပဲ။ အဲဒါကတော့ သေချာတယ်” လို့ ထားဝယ်သင်္ကြန်အခြေအနေကို အသက် ၄၀ ဝန်းကျင် အရွယ် မြို့ခံတစ်ဦး က သုံးသပ်ပြောဆိုပါတယ်။
ကျေးလက်နေလူထုအတွက်တော့ မြို့ပေါ်သင်္ကြန်က လွင့်ပျံ့လာတဲ့ တူးပို့သီချင်းသံကို ပြာပုံပေါ်ကနေ ကြားနေကြရဦးမှာပါ။







