ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည်အကောင်အထည်ဖော်ရန် ရှရှားအစိုးရနှင့် သဘောတူညီထားသည့် စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ ရေ နက်ဆိပ်ကမ်းစီမံကိန်း ပတ်ပတ်လည် ကျေးရွာများ၌ စခန်းချတပ်စွဲထားကြောင်း နဘုလယ်ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်က မတ်လ ဒုတိယအပတ်မှစ၍ ထားဝယ်အထူးစီးပွာရေးဇုန် ဧရိယာရှိ နဘုလယ်ဒေသနှင့် အနီးဝန်းကျင်ကျေးရွာများကို တစ်ရွာဝင်၊တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၂ ရက် နေ့တွင် နဘုလယ်ဒေသ ကျေးရွာများဖြစ်သော ထိန်ကြီး၊လဲရှောင်နှင့် မူးဒူးရွာများတွင် တပ်စွဲထားကြောင်း နဘုလယ်ဒေသခံများကပြောသည်။
ယင်းကျေးရွာများမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ၄ ကီလိုမီတာခန့် အကွာတွင်ရှိသလို အချို့ရွာများမှာ ၆ ကီလိုမီတာခန့်သာ ကွာဝေးသည်။
“အင်အားများတယ် စစ်ကြောင်းက လေးကြောင်းလောက် ခွဲထားတယ်။ စစ်ကြောင်းတစ်ကြောင်းမှာ ဆိုရင်အင်အား ရှစ်ဆယ်နီးနီး လောက်ရှိတယ်။ အခုလက်ရှိ ထိန်ကြီးဘုန်းကြီးကျောင်းနဲ့ လဲရှောင် ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာတပ်စွဲထားတယ်” ဟု နဘုလယ်ဒေသခံ အမျိုးသားကပြောသည်။
ယင်းအပြင် ထားဝယ်ရေနက်ဆိပ်ကမ်းမှ စစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းကလည်း မူးဒူးရွာရှိ လူမရှိသည့် နေအိမ်များတွင် တပ်စွဲနေထိုင်နေကြောင်း ဒေသခံများကပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လက်ရှိစစ်ကောင်စီတပ် တပ်စွဲထားသည့် မူးဒူးရွာ၏ အနောက်မြောက်ဘက်နှင့် ထိန်ကြီးနှင့် လဲရှောင်ရွာတို့၏ အနောက်တောင်ဘက်တို့တွင် တည်ရှိသည်။
“လက်ရှိကတော့ ရွာသားတွေလည်း ရွာထဲမှာပဲနေတယ်။ ပစ်တာခတ်တာတော့ အခု (ဧပြီလထဲ)မရှိဘူး။ စစ်ကြောင်းဝင်ချိန်လမ်းမှာ ဖမ်းတဲ့သူတွေကျတော့ ပြန်လွှတ်ပေးခဲ့တယ်” ဟု နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
တနင်္သာရီတိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို ရှရှားနိုင်ငံက ရင်းနှီး မြှုပ်နှံရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန် အကောင်ထည်ဖော်ရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အစည်းအဝေးကို တိုင်းအစိုးရရုံးတွင် ပြုလုပ်ခဲ့ပြီးနောက် မတ်လ ၁၃ ရက် နေ့ကစပြီး စစ်ကောင်စီသည် ထားဝယ်အထူးစီးပွား ရေးဇုန်သို့ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ထိုသို့ စစ်ကြောင်းထိုးနေရာမှ မတ်လ တတိယအပတ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ အကြား ထိတွေ့တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့သည်။