BREAKING
May 23, 2025

ပလမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

April 12, 2024

ပုလောမြို့နယ် ပလမြို့ရဲစခန်းကို T2 Special Drone Force က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျုစောထီးအပါအဝင် စုစုပေါင်း အင်အား ၆၀ ခန့် တပ်စွဲထားသည့် ပလမြို့ရဲစခန်းကို ဧပြီလ ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်က ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက ပြောသည်။

T2 Special Drone Force တပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းအောက်တွင် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်ပြီး အမျိုးသမီးရဲဘော်များလည်း ပါဝင်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် လေးဦးသေဆုံးသွားပြီး ဒဏ်ရာရသွားသည့် အခြေအနေကို အသေးစိတ်မသိရသေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးပေါ့။ စစ်ကောင်စီဘက်ကနေ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတော့ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပလမြို့ရဲစခန်းတွင် စစ်ကောင်စီတပ်သား ၊ရဲနှင့် ပျူစောထီး အများအပြား တပ်စွဲထားလေ့ရှိကြောင်း မြို့ခံအချို့က ပြောသည်။

ဧပြီလ ၉ ရက်နေ့ကလည်း ပလရဲစခန်းမှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက တိုက်ခိုက်ခဲ့သေးသည်။