ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူတွင် လျှပ်စစ်မရချိန် စက်သုံးဆီစျေးတက်မှုကြောင့် ဒူးရင်းခြံစရိတ် ၁၀ဆနီးပါးမြင့်တက်

March 12, 2026

ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ထဲက ကျေးရွာအချို့တွင် လျှပ်စစ်ဓာတ်အား မရရှိတော့ချိန် စက်သုံးဆီ စျေးလည်း မြင့်တက်နေသဖြင့် ဒူးရင်းခြံ၏ ကုန်ကျစရိတ်မှာ ၁၀ ဆနီးပါး မြင့်တက်လာကြောင်း ဒူးရင်းစိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရသည်။

ရေဖြူမြို့ အနောက်ဘက်ခြမ်းကျေးရွာများဖြစ်သည့် ရလိုင်၊ ပုဂေါဇွန်း၊ သစ်တိုထောင့်ကျေးရွာနှင့် နဘုလယ်တိုက်နယ် တို့တွင် မတ်လ မတိုင်မီက စက်သုံးဆီတစ်လီတာလျှင် ၁၃၀၀၀ ကျပ်နှင့် ကျပ် ၁၅၀၀၀ ကြားသာ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် စက်သုံးဆီစျေးများ မြင့်တက်လာချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ၌ မတ်လ ပထမပတ်မှစတင်ပြီး ဓာတ်ဆီတစ်လီတာလျှင် သုံးသောင်းကျပ်အထိ နှစ်ဆကျော် စျေးတက်သွားကြောင်း ဒေသခံများက ဆိုသည်။

စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ဒူးရင်းနှင့် ကွမ်း စိုက်ပျိုးရေးလုပ်ငန်းများ ကုန်ကျစရိတ် ပိုများလာပြီး အခက်အခဲ ကြုံတွေ့ နေရကြောင်း ရေဖြူ အနောက်ကမ်းကျေးရွာတစ်ရွာမှ ဒူးရင်းတောင်သူတစ်ဦးက ပြောဆိုသည်။

“လျှပ်စစ်ရှိနေတုန်းက တစ်ခြံလုံး ရေလောင်းတဲ့ မီတာခက တစ်လ ရှစ်သောင်းပဲကျတယ်။ အခုက ဓာတ်ဆီစျေးတက်တော့ ဆယ်သိန်း နီးပါးကျတယ်။ ဘယ်လောက်အထိ ကွာသွားလဲဆိုတာကြည့်တော့။ အသီး သီးချိန်ဆိုတော့ ရေမလောက်ရင် အသီးက ကြွေတယ်။ စားရလည်း သဲ တရှပ်ရှပ်၊ ပစ်ပြန်လည်း အဆီတဝင်းဝင်းဆိုတဲ့ စကားပုံ အခုမှ လာကိုက်နေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နဘုလယ် ဒေသအပါအဝင် ရေဖြူအနောက်ကမ်းကျေးရွာ ဆယ်နှင့်ချီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားသည်။

လျှပ်စစ်ဓာတ်အား ပြန်မရတော့သည်မှာ ရက်ပေါင်း ၄၀ ကျော်လာပြီဖြစ်သည်။

ယင်းကြောင့် ဒေသခံ စိုက်ပျိုးရေးလုပ်သူများ အပင် ရေလောင်းရာတွင် လျှပ်စစ်အစား မီးစက်များအသုံးပြုနေရသည်၊

“ကျွန်တော်တို့မှာလည်း ကွမ်းသီးပင်တွေ စိုက်ထားတာ အခက်အခဲဖြစ်နေတယ်။ အခုက ရာသီကလည်းပူတော့ ရေက လိုကိုလိုတယ်။ ဓာတ်ဆီက မရှိတာ မဟုတ်ဘူး၊ ရှိတယ်။ စျေးကြီးပေးဝယ်ရတယ် ဒီလိုပဲ ရှာပြီး လုပ်နေရတာပဲ” ဟု နဘုလယ်ဒေသခံ ကွမ်းစိုက်ပျိုးသူတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းတွင် ပြင်ပစျေးကွက်နှင့် နယ်စျေးကွက်တို့တွင် မတ်လ ပထမပတ်ကစပြီး စက်သုံး ဆီတစ်လီတာလျှင် ကျပ် ၅၀၀၀ကျော်မှ ကျပ် ၇၀၀၀ကျော်အထိ ဖြစ်လာပြီး စျေးနှစ်ဆ ကျော်တက်လာသည်။