ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်တွင် မိန်းကလေးစာသင်ကျောင်းတိုက်ခိုက်ခံရမှု ခေတ်နောက်ကျနေသည့် ပစ်မှတ်ဒေတာကြောင့်ဖြစ်နိုင်ဟုဆို

March 12, 2026

အီရန်နိုင်ငံရှိ မိန်းကလေးစာသင်ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုမှာ အမေရိကန်ဘက်က ခေတ်နောက်ကျနေသည့် ပစ်မှတ်ဒေတာကို အသုံးပြုခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ယင်းနှင့် နီးစပ်သူနှစ်ဦးက ရိုက်တာသတင်းဌာနသို့ မတ်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်ရပ်သည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်၏ ပဋိပက္ခသမိုင်းတစ်လျှောက် အရပ်သားသေဆုံးမှု အဆိုးရွားဆုံးဖြစ်ရပ်များထဲမှ တစ်ခုဖြစ်လာနိုင်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အဆိုပါ အီရန်မိန်းကလေးစာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာ အမေရိကန်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်နိုင်ကြောင်း အမေရိကန်စစ်တပ်က လက်ရှိလုပ်ဆောင်နေသည့် ဌာနတွင်းစုံစမ်းစစ်ဆေးမှုများက ဖော်ပြနေကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်းရှိရာ ဧရိယာအတွင်းသို့ အမေရိကန် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲသည့် ပုံစံမျိုး မြင်တွေ့ရသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

သို့ရာတွင် ယင်းအဖြစ်ဆိုး မည်သို့မည်ပုံ အတိအကျဖြစ်ပွားခဲ့သည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟုဆိုကာ မှတ်ချက်ပေးရန် ငြင်းဆိုထားကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြသည်။

အမေရိကန်နှင့် အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်သည့် ပထမဆုံးနေ့တွင်ပင် အဆိုပါ စာသင်ကျောင်းတိုက်ခိုက်ခံရပြီး ကျောင်းသား ၁၅၀ သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် အလီဘာရီနီက ဆိုသည်။

အဆိုပါ စာသင်ကျောင်းသည် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တပ်စခန်းနှင့် အနီးအနားတွင် တည်ရှိကြောင်း စာသင်ကျောင်း၏ ဝဘ်ဆိုက်မှတ်တမ်းဟောင်းများအရ သိရသည်။

အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ ပစ်မှတ်သတ်မှတ်ရန် တာဝန်ရှိသည့် အမေရိကန် စစ်ဘက်အရာရှိများသည် ခေတ်နောက်ကျနေသည့် ထောက်လှမ်းရေးသတင်းအချက်အလက်များကို အသုံးပြုခဲ့ပုံရကြောင်း သိရသည်။

ခေတ်မမီတော့သည့် ထောက်လှမ်းရေးအချက်အလက်များကို အသုံးပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း အခြားသတင်းရင်းမြစ်တစ်ခုကလည်း ပြောဆိုကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

Source: Reuters