ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အခြားသူ၏ နိုင်ငံကူးလက်မှတ်ကို အသုံးပြုသည်ဆိုပြီး ဒွန်မောင်းလေဆိပ်တွင် မြန်မာနှစ်ဦးဖမ်းဆီးခံရ

March 12, 2026

အခြားသူများ၏ နိုင်ငံကူးလက်မှတ် (ပတ်စ်ပိုစ်) ကို အသုံးပြု၍ လေယာဉ်စီးရန်လာသော မြန်မာနိုင်ငံသားနှစ်ဦးသည် ဘန်ကောက်မြို့ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၁၁ ရက်က ဒွန်မောင်းလေဆိပ်မှတစ်ဆင့် ထိုင်းတောင်ပိုင်း နရသီဝတ်ခရိုင်သို့ လေယာဉ်စီးရန်လာသော ကိုစောနေနှင့် ကိုစောမန်တို့နှစ်ဦးကို လေဆိပ်အာဏာပိုင်များက မသင်္ကာသဖြင့် စစ်ဆေးခဲ့ကြောင်း ဆိုသည်။

နိုင်ငံကူးလက်မှတ်တွင် ပါရှိသော အချက်အလက်များနှင့် ကိုက်ညီမှု မရှိသလို ရုပ်လည်းကွဲလွဲနေသည်ကို တွေ့ရှိခဲ့သဖြင့် လဝကစုံစမ်းရေးဌာနသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦးသည် အခြားသူများ၏ နိုင်ငံကူးလက်မှတ်များကို အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့နှစ်ဦးကလည်း ဝန်ခံခဲ့ထားကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားနှစ်ဦးသည် တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာပြီး ဘန်ကောက်မြို့သို့ ဘတ်စ်ကားဖြင့် ဆက်လက်ထွက်ခွာလာခဲ့ကြောင်း ထွက်ဆိုသည်ဟု ဆိုသည်။

ယင်းနောက် အခြားသူများ၏ နိုင်ငံကူးလက်မှတ်များကို အသုံးပြု၍ လေယာဉ်လက်မှတ်ဖြတ်ပြီး ဒွန်မောင်းလေဆိပ်မှတစ်ဆင့် နာရသီဝတ်ခရိုင်သို့ ဆက်လက်ထွက်ခွာရန် ပြင်ဆင်ထားကြောင်း ဖော်ပြသည်။

ထို့မှတစ်ဆင့် မလေးရှားနိုင်ငံအထိ ခရီးဆက်ရန် ပြင်ဆင်ထားကြကြောင်း ဆိုသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်များကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ပြီးနောက် မြန်မာနိုင်ငံသားနှစ်ဦးကို အခြားသူ၏ နိုင်ငံကူးလက်မှတ်ကို တရားမဝင် အသုံးပြုမှုနှင့် တရားမဝင် နေထိုင်မှုများဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Top News, Siam