၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်း စာစစ်ဌာန အသီးသီးတွင် ဝင်ရောက်ဖြေဆိုသူ ခြောက်ထောင်နီးပါးရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြန်ကြားရေးဌာန၏ မှတ်တမ်းများအရ သိရသည်။
တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ၆၃၂၃ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၅၉၉၁ ရှိကာ ပျက်ကွက်သူ ၃၃၂ ဦးရှိကြောင်း ဖော်ပြသည်။
မြိတ်မြို့နယ်တွင် စာဖြေဌာန ခုနစ်ခုရှိပြီး ဝင်ရောက်ဖြေဆိုသူ သုံးထောင့်လေးရာကျော်ဖြင့် အများဆုံး ဝင်ရောက် ဖြေဆိုခဲ့သည်။
ထားဝယ်၊ သရက်ချောင်း၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစု၊ ပုလော မြို့နယ်တို့တွင်မူ စာစစ်ဌာနတစ်ခုတည်းသာ ဖွင့်နိုင်ပြီး မြို့ပေါ်တွင်သာ ဖွင့်နိုင်သည်။
စစ်ရေး မကြာခဏ ပြင်းထန်လေ့ရှိသည့် လောင်းလုံးမြို့နယ်တွင်မူ ယမန်နှစ်အတိုင်းပင် စာစစ်ဌာနဖွင့်လှစ်နိုင်ခြင်း မရှိပေ။
ရေဖြူမြို့နယ်တွင် စာစစ်ဌာန နှစ်ခုနှင့် ကော့သောင်းမြို့နယ်တွင် စာစစ်ဌာန သုံးခုရှိသည်။
၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို တနင်္သာရီတိုင်းက ၄၅၄၁ ဦးဝင်ဖြေခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် ၂၆၃၅ ဦး ဝင်ဖြေဆိုခဲ့သည်။
၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှ စတင်ကာ Grade 12 စာမေးပွဲကို အခြေခံပပညာအဆင့်၏ အမြင့်ဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြစ် စတင်ပြောင်းလဲကျင်းပခဲ့သည်။
အာဏာသိမ်းပြီးနောက် ပြန်လည်ကျင်းပသည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲများအနက် ယခုနှစ် ဖြေဆိုသူ အများဆုံးဖြစ်သည်။







