သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ယနေ့ မတ်လ ၁၂ ရက်တွင် ထုတ်ပြန်သည်။
ဝင်းဝစခန်းကို ဖေဖော်ဝါရီလ ၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာ မတ်လ ၁၁ ရက် ညနေ ၄ နာရီတွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။
စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်အာဏာရှင်တပ်က ဝင်းဝ စခန်းကို ကြည်း၊ ရေ၊ လေဖြင့် ခုခံတိုက်ခိုက်ခဲ့ပြီး လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ကြားက လက်လွှတ်လိုက်ရခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗျူဟာအမှတ် (၂) ၏ ဦးဆောင်မှုဖြင့် KNU တပ်မဟာ (၄) ၊ KNLA တပ်ရင်း(၁၂)၊ KNU တပ်မဟာ (၆) တပ်ရင်း(၂၇)၊ KNU တပ်မဟာ (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဗျူဟာ(၃၃) လက်အောက်ခံ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း T5 နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စခန်းသိမ်းယူပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
“လက်ရှိအချိန်ထိ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေတုန်း ရှိပါသေးတယ်ခင်ဗျာ” ဟု ၎င်းက ပြောသည်။
ဝင်းဝစခန်းသည် သရက်ချောင်းမြို့အထွက် ဆင်ကူးရွာမှ ပုလောမြို့နယ်၊ ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာအထိ မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းတစ်လျှောက်တွင် တစ်ခုတည်းကျန်ရှိနေသည့် စစ်အာဏာရှင်တပ်စခန်း ဖြစ်သည်။
ဝင်းဝစခန်းကို သိမ်းယူနိုင်သဖြင့် သရက်ချောင်းမြို့ အောက်ပိုင်းမှ ပုလောမြို့နယ် ပလောက်မြို့ကြား လမ်ပိုင်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်သွားနိုင်မည်ဖြစ်သလို အဆိုပါနေရာသည် ပယ်လယ်ထွက်ပေါက်အတွက်လည်း အရေးပါသည့် နေရာဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ပူးပေါင်းတပ်များသည် ဝင်းဝစခန်းကို တိုက်ခိုက်နေသည့်ကာလအတွင်း ထားဝယ်မြို့နယ်မှ သရက်ချောင်းမြို့နယ် အောက်ပိုင်းအထိ မြိတ်-ထားဝယ်ကားလမ်းလျှောက်က ရွှေဂူတောင်တံတားစစ်ဆေးရေးဂိတ်၊ သရက်နှစ်ခွရွာတံတား စစ်ဆေးရေးဂိတ်နှင့် အင်အားရာချီပါသည့် စစ်ကူစစ်ကြောင်းများကိုလည်း တိုက်ခိုက်ခဲ့သည်။
ယင်းအပြင် မတ်လ ၉ ရက် မနက်ပိုင်းကလည်း သရက်ချောင်းမြို့ပေါ်က မြို့မရဲစခန်းကိုလည်း စီးနင်းတိုက်ခိုက်ခဲ့သေးသည်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရခဲ့သလို လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိသည်။







