မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုတွင် မြိတ်မြို့ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော်မည်ဟုဆိုကာ လယ်ဧက သုံးရာခန့်ကို အတင်းအဓမ္မဖိအားပေး ရောင်းချခိုင်းနေသဖြင့် လယ်ပိုင်ရှင်များ စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
မဇောပြင်ကြီးကျေးရွာရှိ မြေဧက သုံးရာခန့်ကို မဖြစ်မနေ ရောင်းချပေးရန် ဖေဖော်ဝါရီလ ၂၇ရက်တွင် စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ လယ်ပိုင်ရှင်များကို အစည်းအဝေးခေါ်ယူ၍ ဖိအားပေးပြောဆို ခဲ့ကြောင်း မဇောရွာဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါမြေတွင် မြိတ်မြို့ ရေပေးဝေရေးစီမံကိန်းတွင် ပါဝင်သည့် ရေသန့်စက်ရုံနှင့် ရေသိုလှောင်ကန်တည်ဆောက်မည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။
ဒေသခံများ စိုက်ပျိုးလုပ်ကိုင်စားသောက်နေသည့် လယ်မြေများကို စားကျက်မြေဟုဆိုကာ ဖိအားပေး ရောင်းခိုင်းနေခြင်း ဖြစ်ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။
“ရောင်းတဲ့သူတွေလည်း ရှိတယ်။ မရောင်းချင်ပေမယ့် ဖိအားကြောင့် ရောင်းနေရတယ်။ မြေကို မဖြစ်မနေ ရောင်းပေးရမယ်လို့ ခေါ်ပြီးပြောတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါလယ်မြေများမှာ ဒေသခံများ စပါးစိုက်ပျိုး လုပ်ကိုင်စားသောက်နေကြသည့် မြေများဖြစ်ကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။
အိမ်ကိုအမည်နှင့်တကွ စာပို့ပြီး ရောင်းခိုင်းနေခြင်းဖြစ်ပြီး မရောင်းပေးပါက မည်သို့လုပ်ဆောင်မည်ဆိုသည့် အကြောင်းအရင်းကို မသိရသေးသော်လည်း စိုးရိမ်ကြောက်လန့်နေရကြောင်း ၎င်းက ပြောဆိုသည်။
“အုပ်ကြီးက (တစ်ဧကကို) ၁၅သိန်းပဲ ပေးတယ်။ အိမ်တိုင်ရာရောက် စာပို့ပြီးခေါ်တယ်။ ရောင်းပြီး တခြားနေရာမှာ အစားထိုးလည်း ပြန်မရဘူးဆိုတော့ လယ်ယာလက်မဲ့ ဖြစ်ကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ယခုလက်ရှိ ကာလပေါက်စျေးအရ လယ်မြေတစ်ဧကလျှင် သိန်း တစ်ရာဝန်းကျင်ရှိသော်လည်း စီမံကိန်းအတွင်း ပါဝင်နေသည့် မြေများကိုမူ ကရုဏာကြေးဟုဆိုကာ တစ်ဧကလျှင် ၁၅သိန်းသာ ပေးကြောင်း ဒေသခံများက ပြောဆိုကြသည်။







