ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသတော်လှန်ရေးတပ်ဖွဲ့ လေးခုပေါင်းပြီး ထားဝယ်တပ်တော် စတင်ဖွဲ့စည်း

March 12, 2026

ပုံစာ - နွေဦးပြောက်ကျားတပ်ဖွဲ့ သင်တန်းဆင်းပွဲ။ ဓာတ်ပုံ - နွေဦးပြောက်ကျားတပ် Page

ဒေသတော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ပေါင်းပြီး တစ်ခုတည်းသော ထားဝယ်တပ်တော်ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၀ ရက် ရက်စွဲဖြင့် ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ထားဝယ်ခရိုင်ထဲတွင် ဖေဖော်ဝါရီလ ၂၈ မှ မတ်လ ၃ ရက်နေ့အထိ ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးညီလာခံကို ၄ ရက်တာ ကျင်းပပြီး ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF)မှာ ထားဝယ်တပ်တော် (Tavoy Army) ကို နိုင်ငံရေးအရ ဦးဆောင်မှုပေးမည်ဟုဆိုသည်။

ထားဝယ်အမျိုးသားညီလာခံမှ ထွက်ပေါ်လာသည့် ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) မှ ထားဝယ်တပ်တော် (Tavoy Army) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ‌ထားဝယ်အမျိုးသားအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက ပြောသည်။

“ထားဝယ်အမျိုးသားညီလာခံကနေပြီး ထွက်ပေါ်လာတဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ဟာ ထားဝယ်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလမ်းညွှန်မှုအောက်မှာ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ တော်လှန်ရေးဆောင်ရွက်ချက်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် ထားဝယ်တပ်တော်ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်လူထု၏ ဆန္ဒနှင့်အညီ ထားဝယ်တပ်များ ပေါင်းစည်းညီညွတ်ပြီး တော်လှန်ရေးကို အကောင်အထည်ဖော်ရန်နှင့် ထားဝယ်လူထုအား ကာကွယ်စောင့်ရှောက်ရန် ယင်းတပ်ဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးညီလာခံသို့ ဒေသအတွင်းရှိ အရပ်ဘက်အဖွဲ့များ၊ နိုင်ငံရေးအဖွဲ့များ၊ ပညာရေး၊ ကျန်းမာရေး၊ ထားဝယ်လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသော်လည်း တက်ရောက်ခဲ့သည့် အဖွဲ့အစည်းနာမည်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

ယခုဖွဲ့စည်းလိုက်သော ထားဝယ်တပ်တော်တွင် ချိုးဖြူပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ နွေဦးပြောက်ကျားတပ် စသည့် တပ်ဖွဲ့လေးခု ပါဝင်သည်။

ကနဦးတွင် ထားဝယ်တပ်တော်ထဲ၌ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နှင့် အခြားတပ်ဖွဲ့အချို့လည်း ပါဝင်နိုင်ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင်မူ ပါဝင်လာခြင်းမရှိသေးသည်ကို တွေ့ရသည်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ် မဖွဲ့ခင် ဒေသအတွင်းက တော်လှန်ရေးအခင်းအကျင်း အခြေအနေများကို ဆွေးနွေးသုံးသပ်နေသည့် ပိုင်းခြားကာလတွင် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) စသည့် အဖွဲ့များ ပူးပေါင်းပါဝင်နိုင်ရန် ဆွေးနွေးခဲ့ဖူးသော်လည်း အဖွဲ့ချုပ်စတင်ဖွဲ့စည်းရာတွင်မူ အကြောင်းအမျိုးမျိုးကြောင့် ယင်းအဖွဲ့တို့ ပါဝင်နိုင်ခြင်းမရှိကြောင်း ကိုယောနသံက ပြောသည်။

မည်သည့်အကြောင်းရင်းကြောင့် ဆိုသည်ကိုမူ တိတိပပ ဖြေဆိုခြင်းမရှိပေ။

“ထားဝယ်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ကတော့ ထားဝယ်ဒေသအကျိုးအတွက် တူညီတဲ့ ရည်မှန်းချက်ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် လက်နက်ကိုင်မဟုတ်သော အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့လည်း အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်” ဟု ကိုယောနသံက ပြောကြားသည်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများရှိနေပြီး မကြာခင် လက်နက်ကိုင်တပ်များအပါအဝင် လက်နက်ကိုင်မဟုတ်သော တော်လှန်ရေးအင်အားစုများ၊ လူပုဂ္ဂိုလ်များနှင့်ပါ တရားဝင်တွေ့ဆုံဆွေးနွေးကာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ အခြေခံမူများကို သဘောတူပြီး အဖွဲ့ချုပ်၏ နိုင်ငံရေးဦးဆောင်မှုဖြင့် တစ်ခုတည်းသော ထားဝယ်တပ် တည်ဆောက်ရေးတွင် ပါဝင်လိုသော အဖွဲ့များကိုလည်း ကြိုဆိုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ်သည် လူမျိုးရေးအပေါ် အခြေခံခြင်းမဟုတ်ဘဲ ထားဝယ်ဒေသ၏ အမျိုးသားရေးနှင့် ထားဝယ်ဒေသ ပြည်သူလူထုအကျိုးစီးပွားအပေါ်တွင်သာ အခြေခံကြောင်း ကိုယောနသံက ပြောဆိုသည်။