ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းမြို့နယ် NLD အမတ်ဟောင်း ဦးဝေဝေလွင် ပြန်လွတ်

March 12, 2026

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် NLD လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ ဦးဝေဝေလွင်သည် ထားဝယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။

စစ်ကော်မရှင်က မတ်လ ၂ ရက်တွင် ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် စုစုပေါင်း ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာတွင် ဦးဝေဝေလွင်လည်း လွတ်မြောက်လာခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူတူ တောင်သူလယ်သမားနေ့က လွတ်လာတာပါ” ဟု ၎င်းက ဆိုသည်။

ဦးဝေဝေလွင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် သရက်ချောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိတော့ပေ။

ဦးဝေဝေလွင်ကို ၂၀၂၄ ခုနှစ်တွင် စစ်ကော်မရှင်က နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ လွတ်ရက်စေ့ရန် ၁ နှစ်ခန့်အလိုတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ဦးဝေဝေလွင်မှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။