ဘုတ်ပြင်းမြို့နယ် ရတနာပုံ-လေညာလမ်းပိုင်းရှိ ဒေသခံများ၏ ဥယျာဉ်ခြံများကို စစ်အာဏာရှင်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။
မတ်လ ၁၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် နေရာသုံးခုကို ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယတာဝန်ခံက ဆိုသည်။
အဆိုပါလမ်းပိုင်းရှိ ၄ မိုင်နှင့် ၈ မိုင်ကြားနေရာသုံးခုကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
“လာကြဲတဲ့အချိန်ထိ တိုက်ပွဲမဖြစ်ဘူးဗျ။သူတို့စစ်ကြောင်းကတန့်နေပြီ။လက်နက်ကြီးလှမ်းထုတယ် ။ပြီးမှလေယာဉ်နဲ့ လာကြဲသွားတာ။သူတို့က စစ်ကြောင်းကို ရှေ့ကိုထိုးဖောက်သွားချင်တာ မြေပြင်ကတိုးမနိုင်လို့ လေယာဉ်နဲ့ကြဲပြီးမှမြေပြင်ကတက်မယ်ဆိုတဲ့ သဘောပါ”ဟု ၎င်းက ပြောသည်။
ဗုံးကြဲသွားသည့်နေရာများက ဒေသခံများ၏ ဥယျာဉ်ခြံ နေရာများဖြစ်ပြီး ဒေသခံများ၏ ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုမသိရသေးကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များလည်း ထိခိုက်မှုမရှိကြောင်း အထက်ပါဒုတာဝန်ခံက ဆိုသည်။
မတ်လ ၉ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်းရှိ မိုင်တိုင် ၅ အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်သား ၄ ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ နေရာအနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်၏ လေယာဉ်ပျံသန်းနေသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဖြစ်ကြောင်း ဗုံးကြဲခံရသည့်နေရာနှင့် မနီးမဝေးတွင်တည်ရှိသည့် ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။
“လေယာဉ်လာပျံနေတာကတော့ တစ်ပတ်လောက်ရှိပြီ။ အနိမ့်ကလာပျံနေတာ။ ဒီနေ့မှဗုံးလာကြဲသွားတာ။ အသံကတော်တော်ကျယ်တယ်။ ရွာကနေတောင် ကြားရတယ်” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ထိုင်း-မြန်မာ နယ်စပ်ရှိ ရတနာပုံ(သတ္တုမိုင်း)နေရာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လက်ရှိတွင် ရတနာပုံ-လေညာလမ်းပိုင်း၌ စစ်ကြောင်းရပ်တန့်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။







