ကော့သောင်းမြို့နယ် အေးချမ်းသာကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်ခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်တွင် အသက် ၅၀ ဝန်းကျင်အရွယ် ဦးအောင်ဌေးသည် နေအိမ်မှ ဥယျာဉ်ခြံ ရှိရာသို့သွားစဉ် လမ်းပိုင်း၌ စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူ တစ်ဦးက ဆိုသည်။
ဦးအောင်ဌေး၏ ဥယျာဉ်ခြံမှာ အေးချမ်းသာရွာမှ ဆိုင်ကယ်ဖြင့်သွားပါက မိနစ် ၃၀ ခန့်ကြာသည့် အကွာအဝေးတွင်တည်ရှိသည်။
ဦးအောင်ဌေးသည် ဥယျာဉ်ခြံသို့သွားချိန် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ပြီး အလောင်းကို အေးချမ်းသာရွာနှင့် ၅ မိုင်ခန့်အကွာရှိ ယုဇနဆီအုန်း i.2 ဇုန်ပျိုးခင်းရှိ စာသင်ကျောင်း အနောက်ဘက်တွင် မီးရှို့ထားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“အလောင်းကို မီးရှို့ထားတာ မကုန်(အားလုံး မလောင်ကျွမ်း)ဘူး”ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဦးအောင်ဌေးသေဆုံးသွားပြီဟု သတင်းကြားရသည့်အတွက် စစ်အာဏာရှင်တပ် စစ်ကြောင်းထွက်ခွာချိန် ညနေ ၄ နာရီခွဲဝန်းကျင်တွင် မီးတစ်ဝက်တစ်ပျက်လောင်ကျွမ်းထားသည့် အလောင်းကိုသွားယူရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
Dawei Watch က ရရှိထားသည့် ဓာတ်ပုံတွင်လည်း တစ်ဝက်တစ်ပျက် မီးလောင်ကျွမ်းထားသည့် အလောင်းပုံကို တွေ့ရသည်။
အလောင်းကို ရွာသို့ပြန်သယ်လာပြီး အေးချမ်းသာရွာ သုဿာန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း ၎င်းက ဆိုသည်။
အင်အား ၁၇၀ ဝန်းကျင်ရှိသည့် အဆိုပါစစ်အာဏာရှင်တပ်စစ်ကြောင်းသည် တောလမ်းအတိုင်း စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျေးရွာများကိုဝင်ကာ ဒေသခံလူငယ်များကို ဖမ်းဆီးခြင်း၊နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။







