ကမ္ဘာတစ်ဝန်းတွင် နိုင်ငံရေးသမားများကို အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့် ရန်ရှာနှောင့်ယှက်မှုများ ယခင်ကထက် ပိုမိုမြင့်တက်လာကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်သည့် စစ်တမ်းတစ်ခုက ဖော်ပြသည်။
အဆိုပါ အခြင်းအရာသည် နည်းပညာသစ်များကြောင့် ပိုမိုဆိုးရွားလာနေပြီး ဒီမိုကရေစီစနစ်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုမှုများ ရှိလာနိုင်ကြောင်း အဆိုပါ စစ်တမ်းတွင် သတိပေးထားသည်။
၂၀၂၅ ခုနှစ်အတွင်း အဓိကကောက်ယူခဲ့သည့် အဆိုပါ စစ်တမ်းကို လွှတ်တော်ပေါင်း ၁၈၃ ခုဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ ပါလီမန်များသမဂ္ဂ (IPU) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်တမ်းကောက်ယူရာတွင် နိုင်ငံပေါင်း ၈၀ ကျော်မှ လွှတ်တော်အမတ်များထံ မေးခွန်းများပေးပို့ မေးမြန်းကောက်ယူခဲ့သည်။
ကမ္ဘာ့အခြေအနေကို ကိုယ်စားပြုဖော်ပြနိုင်ရန် အာဂျင်တီးနား၊ ဘီနင်၊ အီတလီ၊ မလေးရှားနှင့် နယ်သာလန် နိုင်ငံတို့မှ အရွေးကောက်ခံကိုယ်စားလှယ် ၅၁၉ ဦးထံမှ အသေးစိတ် အချက်အလက်များကို ရယူစုဆောင်းခဲ့သည်။
IPU ၏ ထုတ်ပြန်ချက်အရ စစ်တမ်းဖြေဆိုသည့် လွှတ်တော်အမတ် ၇၁ ရာခိုင်နှုန်းသည် အများပြည်သူလူထုကြားမှ အကြမ်းဖက်ရန်ရှာမှုကို ကြုံတွေ့ရင်ဆိုင်ခဲ့ရဖူးကြောင်း၊ အထူးသဖြင့် အွန်လိုင်းပေါ်တွင် ပိုမိုကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။
အထူးသဖြင့် အမျိုးသမီးအမတ်များမှာ ပိုမိုပစ်မှတ်ထားခံရလေ့ရှိကြောင်း တွေ့ရသည်။
လိင်ပိုင်းဆိုင်ရာ စော်ကားပုတ်ခတ်မှုများတွင် အမျိုးသမီးအမတ်များအပေါ် ကျူးလွန်မှုမှာ အချိုးအစားမမျှအောင် များပြားနေသည်ကို တွေ့ရသည်။
“ကမ္ဘာတစ်ဝန်းက လွှတ်တော်အမတ်တွေဟာ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကို ပိုပြီးရင်ဆိုင်လာရပါတယ်။ တကယ်လို့ ဒီဖြစ်စဉ်ကို မထိန်းချုပ်နိုင်ဘဲ လွှတ်ထားမယ်ဆိုရင် ကမ္ဘာတစ်ဝန်းက ဒီမိုကရေစီစနစ်အတွက် ကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လာပါလိမ့်မယ်” ဟု IPU အထွေထွေအတွင်းရေးမှူးချုပ် မာတင်ချွန်ဂေါင်က ဆိုသည်။
အမေရိကန်ပြည်ထောင်စု၏ အခြေအနေမှာ “အလွန်စိုးရိမ်ဖွယ်ရာ” ဖြစ်နေကြောင်း ၎င်းက ပြောသည်။
ပင်ဆယ်ဗေးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ရှ်ရှာပီရို၊ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပီလိုစီ၏ ခင်ပွန်းနှင့် လွှတ်တော်အမတ် အီလ်ဟန် အိုမာတို့အပေါ် တိုက်ခိုက်မှုများကို ၎င်းက ထောက်ပြခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်အပေါ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများလည်း ရှိခဲ့ပြီး၊ ယင်းတွင် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေစဉ်အတွင်း ၎င်း၏ နားရွက်ကို ကျည်ဆန်ထိမှန်ခဲ့သည့် ပစ်ခတ်မှုလည်း ပါဝင်သည်။
အွန်လိုင်းပေါ်တွင် ရန်ရှာစော်ကားမှုများနှင့် ရင်ဆိုင်နေရခြင်းကြောင့် လွှတ်တော်အမတ်အများအပြားမှာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို စိုးရိမ်လာကြပြီး ပြောဆိုရေးသားမှုများ ပြုလုပ်ရာတွင် ယခင်ကထက် ပိုမိုသတိထားနေကြရကြောင်း ချွန်ဂေါင်က ပြောသည်။
အဆိုပါ ခြိမ်းခြောက်ရန်ရှာမှုများက လွှတ်တော်အမတ်အချို့၏ လူထုနှင့် ထိတွေ့ဆက်ဆံလိုစိတ်ကို ထိခိုက်စေခဲ့ကြောင်း သိရသည်။
“ဒီလို ခြိမ်းခြောက်မှုတွေဟာ ရေရှည်မှာ ပြည်သူ့ကိုယ်စားပြုမှုကို ကျဉ်းမြောင်းသွားစေနိုင်တဲ့ အန္တရာယ်ရှိတယ်” ဟု ချွန်ဂေါင်က ဆိုသည်။
နိုင်ငံရေးသမားများအပေါ် ရန်ရှာခြိမ်းခြောက်တိုက်ခိုက်မှုများသည် ဥာဏ်ရည်တု (AI) အပါအဝင် နည်းပညာသစ်များကြောင့် ပိုမိုဆိုးရွားလာကြောင်း၊ အွန်လိုင်းပေါ်မှ စော်ကားမှုနှင့် လှုံ့ဆော်မှုအများစုကို အမည်မဖော်ဘဲ လုပ်ဆောင်နေကြပြီး ယင်းတွင် နိုင်ငံအချို့၏ အစိုးရနောက်ခံအဖွဲ့အစည်းများပင် ပါဝင်ပတ်သက်နေနိုင်ကြောင်း ၎င်းက ပြောသည်။
Source: Reuters







